လွိုင်ကော် အကျဉ်းထောင်တွင် ထောင်ဝင်စာနှင့် ဆေးဝါးများ ပို့ဆောင်ခွင့် ပြန်လည် ရရှိရန် အကျဉ်းထောင်အာဏာပိုင်များအား ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA က တောင်းဆိုလိုက်သည်။ လွိုင်ကော်အကျဉ်းထောင်တွင် ထောင်ဝင်စာနှင့် ဆေးဝါးများ ပို့ဆောင်ခွင့်အား ပိတ်ပင်ထားသည်မှာ တစ်နှစ်နှင့် ကိုးလကျော်ကြာမြင့်ပြီ ဖြစ်သည်။
ထိုသို့ ပိတ်ပင်ထားခြင်းကြောင့် အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မလုံလောက်သည့် အခြေအနေများကို အကျဉ်းသားများ ကြုံတွေ့နေရသည်ဟု ဆိုသည်။ အာဟာရနှင့် ဆေးဝါးလုံလောက်မှု မရှိခြင်းကြောင့် နာတာရှည်ဖျားနာခြင်း၊ ပြင်းထန်သည့် အရေပြားရောဂါများဖြစ်ပွားခြင်း၊ ကိုယ်ခန္ဓာချိနဲ့ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပွားခြင်းကြောင့် အကျဉ်းသားများ သေဆုံးမှုများ ရှိနေသည်ဟု KPPA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကြောင့် အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အကျဉ်းသားများအတွက် လိုအပ်သည့် ထောင်ဝင်စာနှင့် ဆေးဝါးများ ပို့ဆောင်ခွင့်အား တရားဝင်ပြန်လည်ခွင့်ပြုပေးရန်နှင့် မိသားစုဝင်များ ပို့ဆောင်ပေးသည့် ဆေးဝါးနှင့် အစားအသောက်များအားလည်း အကျဉ်းသားများထံသို့ အပြည့်အဝ ပို့ဆောင်ပေးရန် တောင်းဆိုထားသည်။
ထို့အပြင် ထောင်တွင်း ဆေးဝါးများ လုံလောက်စွာ ထားရှိရန်၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ ပေးရန်၊ အရေးပေါ်လူနာများ၊ နာတာရှည် ရောဂါဝေဒနာခံစားနေရသူများအား ပြင်ပဆေးရုံများတွင် ဆေးကုသမှုပေးရန်နှင့် ထောင်တွင်း ကျန်းမာရေးစစ်ဆေးမှုများအား အပတ်စဉ် ပုံမှန် စစ်ဆေးပေးရန် တောင်းဆိုထားသည်။
ထောင်တွင်း အကျဉ်းသားများအား ကျွေးမွေးရန် သတ်မှတ်ထားသည့် အစားအသောက် ပမာဏနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများအားလည်း အပြည့်အဝ ပြန်လည်ပေးအပ်ရန်နှင့် အကျဉ်းသားများ၏ မိသားစုဝင်များထံမှ ငွေကြေးလိမ်လည်တောင်းခံသည့် ထောင်ဝန်ထမ်းများအား ဖော်ထုတ်အရေးယူရန်လည်း တောင်းဆိုထားသည်။
ငွေကြေးခက်ခဲသည့် အကျဉ်းသားများ အရေးပေါ် အခြေအနေ ကြုံ့တွေ့ရပါက အကျဉ်းထောင်မှ ကျခံပေးရန်နှင့် အကျဉ်းသားများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွှတ်ခြင်းမရှိသည့် ရိုက်နှက်ညှင်းပန်းခြင်းများအား ရန်တန့်ပေးရန်လည်း တောင်းဆိုထားသည်။ လက်ရှိတွင် လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသားများသည် အစားအသောက် ဖြတ်တောက်ခံရခြင်းကြောင့် အာဟာရမပြည့်ဝခြင်းနှင့် အောက်ပိုင်းချိနဲ့ခြင်းများကို ကြုံတွေ့နေရသည်ဟု ဆိုသည်။
ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်၍ အဆိုးဆုံး အခြေအနေ ရောက်နေသည့်တိုင်အောင် ဆေးကုသခွင့်မပြုဘဲ အားဆေးထိုးပေးခြင်း၊ သက်တမ်းကုန်သည့် ဆေးများ ပေးခြင်းနှင့် ဖျားနာနေချိန်တွင်ပင် ခြေကျင်းများ ခတ်ထားသည့် အခြေအနေများကို ကြုံတွေ့နေရသည်ဟု KPPA မှ ထုတ်ပြန်ထားသည်။
ထိုသို့ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများအား နည်းမျိုးစုံသုံး နှိပ်စက်ညှင်းစဲနေခြင်းကြောင့် သေဆုံးသူဦးရေမြင့်တက်လျက်ရှိသည်။
စစ်ကောင်စီအာဏာသိမ်းထားချိန်မှ စ၍ ၂၀၂၅ ဩဂုတ်လ ၄ ရက်အထိ ဖမ်းဆီးခံထားရသူ သုံးသိန်းနီးပါးခန့်ရှိပြီး လက်ရှိထိန်းသိမ်းခံထားရသူ နှစ်သောင်းကျော်ရှိကာ သေဒဏ်ချမှတ်ခံထားရသူ ၁၇၂ ဦး အထိရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။