မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ် အစောပိုင်းမှစတင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဇွန်လမှစ၍ ကျေးရွာများအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုသို့ တိုက်ပွဲများပြင်းထန်လာသည့် နောက်ဆက်တွဲအနေဖြင့် ဒေသခံပြည်သူသောင်းချီသည် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ညောင်ဦးမြို့နယ်ထဲရှိ ငါ့သရောက်ဒေသတွင် ဇွန်လအတွင်းက တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံနေအိမ် ၁၁၉ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။
နေအိမ်ဆုံးရှုံးသွားရသည့် ပြည်သူများမှာ သစ်ပင်များအောက်နှင့် ဆွေမျိုးအိမ်များတွင် ခိုကပ်နေထိုင်ရသည်များ ရှိနေပြီး စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံပြည်သူ တစ်ဦးက “ကျွန်တော်တို့ ညောင်ဦးနယ်မှာက တခြားဒေသတွေလို တောတွေ၊ ခြုံတွေ မရှိတဲ့အခါကျတော့ စစ်ရှောင်စခန်းဆိုပြီးလည်း သီးသန့်လုပ်လို့မရဘူးလေ။ တချို့ကတော့ မီးရှို့ခံရတဲ့ ကျေးရွာတွေမှာ ပြန်နေကြတယ်။ နေစရာအိမ်မရှိတော့တဲ့ လူတွေကကျ စိတ်ချရလောက်မယ်ထင်တဲ့ မြစ်အလယ်က ကျွန်းတွေမှာ တဲထိုးပြီး နေကြရတယ်” ဟု ပြောသည်။
ဇူလိုင်နှင့် ဩဂုတ်လများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခြင်းများကြောင့် ညောင်ဦးမြို့နယ်ထဲရှိ ရွာသာရွာ၊ညောင်လှရွာ၊ စကရွာ၊ မြေသန့်တောင်ရွာ၊ ကြအိုရွာ၊ ဥယျာဥ်ရွာ၊ မီးလောင်ဖျားရွာ၊ ရွာသစ်ရွာ၊ ကျောက်ပြင်ကန်ရွာ၊ ဂျိုကန်ရွာ၊ကျောက်ကန်ရွာ၊ တောရွာ၊ ကန်နီပေါက်ရွာ၊ သန့်ရှင်းကန်ရွာ၊ ကန်ကြီးကုန်ရွာ၊ အနောက်အုံရွာနှင့် ချောင်းရှည်ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ပုံစာ – ညောင်ဦးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကြောင့်ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ (ပုံဟောင်း)