ကရင်ပြည်နယ်၊ မြဝတီ -ဝေါ်လေကားလမ်းမပေါ်ရှိ ဝေါ်လေဗျူဟာကုန်းသို့ စစ်ကောင်စီတပ်ဘက်မှ လာချသည့် ကျည်ဆန်ထုတ်အား တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထပ်မံရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၃၁ ရက်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပို့ဆောင်ခဲ့သော ကျည်နှင့် ခဲယမ်းထုတ်ကို တော်လှန်ရေးတပ်များက ရရှိခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။ ၎င်းက “အရမ်းတော့ မများဘူး။ 5.56 ကျည်ရယ်၊ 81 ကျည်ရယ် ရတယ်။
5.56 ကျည်က ၂၅၀၀ ၊ 81ကျည်က လေးလုံး” ဟု ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ၂၆ ရက်ကလည်း ဝေါ်လေဗျူဟာကုန်းစခန်းသို့ လေကြောင်းမှ ချပေးသည့် ဒရုန်းတစ်စင်းကို တော်လှန်ရေးတပ်များ ရရှိခဲ့သည်။ အဆိုပါဒရုန်းသည် anti jamming System GPS ပါဝင်သည့်အပြင် အခြားသုံးထားသော ပါဝင်ပစ္စည်းများ ကောင်းမွန်သေးသောကြောင့် သာမန်ဒရုန်းထက် သုံးဆခန့် ဈေးကြီးသည်ဟု ဒရုန်းအကြောင်း နားလည်သူများက ဆိုသည်။
လက်ရှိတွင် ဝေါ်လေဗျူဟာကုန်းစခန်းတွင် စစ်ကောင်စီအင်အား ၅၀၀ ဝန်းကျင်ရှိပြီး စခန်းကုန်းနှစ်ခု၊ ကာကင်းစခန်းငါးခု ရှိသေးသည်ဟု သိရသည်။ ဝေါ်လေဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်များက ဇူလိုင် ၂ ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ရန် ဝေါ်လေဗျူဟာနှင့် တီသဲလယ်ကာကင်းစခန်းသာကျန်ပြီး စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကြဲခြင်း၊ရိက္ခာပို့ခြင်းအပြင် ကာမီကာဇေအသေခံဒရုန်းများကိုလည်း အသုံးပြု၍ စခန်းများ မကျစေရန် ကြိုးပမ်းလျက်ရှိသည်။
ကျန်နေသေးသည့် ဝေါ်လေဗျူဟာကုန်းသည်လည်း အခြားသော နယ်စပ်စခန်းများထက် ထိုင်းနိုင်ငံဧရိယာနှင့် ပိုမိုနီးကပ်သောကြောင့် တော်လှန်ရေးဘက်မှ ဒရုန်းကြဲတိုက်ခိုက်မှုများ ပြုလုပ်လျှင် ဂျန်မာကြောင့် ဒရုန်းများ ပျက်ကျနိုင်ခြေများသည်။ ထို့ကြောင့် တိုက်ခိုက်မှုများကိုလည်း သတိထားလုပ်ဆောင်ရသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း၊ တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ ရက်က သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ ရက်က ထီးကပလယ်စခန်း၊ ဇူလိုင် ၁၂ ရက်က ဥကရစ်ထစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။
ပုံစာ – စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပို့ချသော အထုတ်များကို ပူးပေါင်းတပ်များ ရရှိသည့် မြင်ကွင်း။