ခင်သရဖီဦး
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်မှုနဲ့ အဓမ္မပြုကျင့်ဖို့ ကြိုတင်ကြံစည်မှုတွေ ဆက်တိုက် ကြုံတွေ့နေရပါတယ်။
အသက် ၆ နှစ်၊ ၇ နှစ်ခန့်သာ ရှိသေးတဲ့ မိန်းကလေးငယ်တွေနဲ့ ဆယ်ကျော်အသက်အရွယ် မိန်းကလေးငယ်တွေကို အဓမ္မကျင့်ပြုတာက သက်ငယ်မုဒိန်းမှုဖြစ်ပါတယ်။
ဒီလို မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်မှုတွေက ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့ အချိန်ကစတင်ပြီး ပိုမိုဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
ဒါကြောင့် အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အဓမ္မပြုကျင့်မှုနဲ့ အဓမ္မပြုကျင့်ဖို့ ကြိုတင်ကြံစည်မှုတွေ များပြားလာရတဲ့အကြောင်းကို ရခိုင်လူငယ်တွေက ဘယ်လို့ ရှုမြင်ကြသလဲ။
ရခိုင်ပြည်နယ်အတွင်း သက်ငယ်မုဒိန်းမှုအပါအဝင် အဓမ္မပြုကျင့်မှုတွေ လျော့နည်းပပျောက်ရေး မည်သို့ဆောင်ရွက်သင့်သလဲ၊ လက်ရှိအုပ်ချုပ်ရေးအဖွဲ့အစည်းကကော ဘယ်လို ကိုယ်တွယ်အရေးယူနေသလဲ စတဲ့ အခြေအနေတွေကို သံလွင်ခက်သတင်းဌာနက မေးမြန်းထားပါတယ်။
မြောက်ဦးမှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး
ရှေ့မှာ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့က မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ကျေးရွာက အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး မုဒိမ်းကျင့်ရန် ကြံစည်မှု၊
၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ မင်းပြားမြို့နယ် ၊ ဖားပြိုကျေးရွာက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်စဉ်တွေရှိခဲ့တယ်။ နိုင်ငံတစ်နိုင်ငံမှာတော လိင်ပိုင်းဆိုင်ရာပပျောက်သွားဖို့က ကြာနိုင်တယ်။
အဲဒီမတိုင်ခင် လျော့နည်းအောင် တရားဥပဒေစိုးမိုးမှုကို ကိုင်တွယ် ဖြေရှင်းတဲ့အခါမှာ ဘက်လိုက်မှုမရှိဘဲ ပြစ်ဒဏ်ကို ပြစ်ဒဏ်နဲ့ တူလောက်တဲ့ ပြစ်ဒဏ်မျိုးကို သာဓကတွေနဲ့ ထားနိုင်အောင် ဥပဒေ ချမှတ်ဖို့လိုတယ်၊၊
နောက်ပြီးတော ဒီလိုမျိုး Case တွေကို ကိုင်တဲ့အခါမှာလည်း မပေါ့လျော့ဖို့လိုတယ်။ ပေါ့လျော့သွားရင်တော့ ရှေ့က အမှုတွေလိုမျိုးဖြစ်သွားမှာ။ အဲဆိုရင် ဒီကာလ ဒီအနေအထားမှာ ဒီလိုမျိုးCaseတွေက အဆမတန်တိုးပွား လာမယ်။
ကျွန်မတို့မှာ ရိုးရာကလည်း ရှိသေးတယ်။ မိဘနဲ့ သားသမီးကြားမှာ Sex education ပေးရမယ့် ကိစ္စကို ရှက်သလို ကြောက်သလိုမျိုုး ဒီကိစ္စတွေက ကလေးတွေနဲ့ မဆိုင်ဆိုတဲ့ အတွေးတွေကို အရင်ဖျောက်ရမယ်။
မိဘတွေ၊ ကလေးတွေကို Sex Education နဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်တွေ လုပ်နိုင်တာကတော့ အကောင်းဆုံးပါ။ Don’t Touch Body ဆိုတဲ့ ပညာပေး ကိစ္စကအစပေါ့နော်၊၊
ကလေးတွေမကြိုက်ရင် အော်ရမယ် ဆို့တဲ့ဟာမျိုးတွေ အခြေခံလောက်တော ကျောင်းစာတွေမှာ ထည့်သင့်ပါတယ်။
ပြီးတော့လေ မိဘတွေကတော အဓိကပေါ့။ ဖြစ်စဉ်တွေရှိလာရင် ဘယ်လိုအကြံအဉာဏ်တောင်းရမယ်၊ ဘယ်လိုမျိုး စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုတွေလုပ်ရမယ်၊ ဘယ်လိုမျိုးတရားဉပဒေတွေနဲ့ သွားသင့်လဲ၊ အဲလိုမျိုး လမ်းပြနိုင်မယ့် အမျိုးသမီးအခန်းကဏ္ဍကို အကာအကွယ်၊ ထောက်ပံ့ပေးနိုင်တဲ့ အဖွဲ့တွေ ရှိဖို့လိုပါတယ်။
အခုက ကျမတို့ သိသလောက်ဆိုရင်တော မြေပြင်မှာ အမျိုးသမီး အခန်းကဏ္ဍနှင့် Activityဖော်ဆောင်နေတဲ့ ရခိုင်ရှေ့ဆောင် အမျိုးသမီးများအဖွဲ့ RWIO၊ Women Generation (WG) လောက်ဘဲ သိထားတယ်။ အထက်က ပြောသလိုမျိုး ကျွန်မတို့ အစိုးရရော၊ အဖွဲ့အစည်းတွေရော၊ ပြည်သူတွေရော ပေါင်းကူးမလုပ်ဘူးဆိုရင် ကျွန်မတို့ အမျိုးသမီးတွေ၊ ကလေးငယ်တွေမှာက အနာဂတ်ပျောက်နိုင်ပါတယ်။
မိသားစုရော၊ ကလေးရောက ရှေ့ဆက်ပြီး သူတို့ရဲ့ စိတ်မလုံခြုံမှုနဲ့ တစ်ဘဝလုံးပါသွားနိုင်တယ်။ ကလေးက ဒီအချိန်မှာမသိရင်လည်း တစ်ချိန်ချိန်တော့ သိလာမှာပါ။ ဒီCase က ကလေးရဲ့ ဘဝနဲ့ပါ သက်ဆိုင်နေပါတယ်။
ကျောက်တော်မှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး
ထိရောက်တဲ့ အရေးယူမှုကတော့ လုပ်သင့်တာကြာပါပြီ ။ ဒီလိုမျိုးဖြစ်စဥ်ဟာ ဥပဒေဘောင်ထဲကို ရောက်သွားရင် ကြန့်ကြာတာ အရင်ကတည်းကပါ ဆိုတော့ အမှုကြီးသည် ငယ်သည်ဖြစ်စေ AA အနေနဲ့ အပြစ်ဒဏ်ပေးရေးက အဓိကကျပါတယ်၊
ကြားနာစစ်ဆေးမှုကို အချိန်တိုတိုအတွင်း ပြီးစီးအောင်လုပ်ပြီး ထိရောက်တဲ့ အပြစ်ဒဏ် ချမှတ်ပေးလိုက်တယ်ဆိုတာနဲ့တင် ကျန်တဲ့ရာဇဝတ်သားကောင်တွေကိုလည်း ဟန့်တားရာ ရောက်ပါတယ်။
ဒီလိုမျိုးဖြစ်စဥ်တွေ ဆက်ဖြစ်နေတာက အုပ်ချုပ်ရေး ယန္တရားတစ်ခု မတည်ငြိမ်သေးတာရယ်၊ လူထုကို ဥပမာပြပေးနိုင်တဲ့ ပြစ်ဒဏ်တခုကို မချမှတ်ပေးတာရယ်၊ နောက် စစ်ရေးကာလကို အခွင့်အကောင်းယူတဲ့ ရာဇဝတ်ကောင်တွေကြောင့်လို့ပြောရပါမယ်။ လူတွေရဲ့ ကျင့်ဝတ်သိက္ခာတွေ ပျက်စီးတာနဲ့လည်း တိုက်ရိုက်ဆက်စပ်ပါတယ်။
အသိပညာနည်းပါးတဲ့ မိဘကတော့ အဓမ္မ ပြုကျင့်မခံရအောင် သင်ပြပေးဖို့က အခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့် လူစိမ်းတွေကို ရှောင်ရှားဖို့ရယ်၊ တစ်ယောက်တည်းမသွားမိဖို့ရယ်၊ လူစိမ်းတစ်ယောက်ယောက်က ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တစ်ခုခုထိပါးလာရင် ချက်ချင်း ထွက်ပြေးလာဖို့ရယ်နဲ့ အော်ဖို့ခိုင်းတာတွေ လုပ်လို့ရပါတယ်။ တစ်ခုတစ်ခုနဲ့ သိမ်းသွင်းဆွဲဆောင်တာတွေကို မယုံမိဖို့တော့ သင်ပြပေးလို့ရပါတယ်။
အဖွဲ့တွေကလည်း low profile တွေ များပါတယ်။ အဲဒီအဖွဲ့တွေက ဖြစ်စဥ်ကို မသိလိုက်တဲ့ အမှုကိစ္စတွေလည်းအများကြီးပါ လက်လှမ်းမမှီဘူးပေါ့။
အခံရဆုံးကတော့ အရှက်တရားပေါ့။ ဒါဟာရှက်စရာမဟုတ်ပါလို့ပြောရင်တောင် ဒီစိတ်က ကိန်းအောင်းနေပါတယ်။ အဲစိတ်နဲ့ပဲ အပြင်ကို မထွက်ဝံ့တာတို့ တချို့ဆို အဲ့နေရာက ပြောင်းရွှေ့သွားတာတို့တွေ့ရပါတယ်။ နစ်နာသူဘက်က စိတ်ဒဏ်ရာ နှစ်ရှည်ရသွားတတ်ပါတယ်။
ဥပမာ ယောကျာ်းတွေကို အယုံအကြည်မရှိတော့တာတို့၊ တယောက်တည်းအပြင်ကို မထွက်ဝံ့တာတို့ သူတို့ရဲ့ ဘဝတစ်ခုလုံးကိုတောင် ဝါးမြိုခံရတဲ့ စိတ်ဒဏ်ရာတွေ ရသွားတတ်ပါတယ်။ မိသားစုကော နစ်နာသူကော ပတ်ဝန်းကျင် ရိုက်ခတ်မှုကြောင့် အကြိမ်ကြိမ် ပြိုလဲကြရပါတယ်။
တောင်ကုတ်မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး
မုဒိန်းမှုတွေဟာ အခုလို ပဋိပက္ခကာလမှာ တောက်လျှောက်ဖြစ်နေတာနဲ့ ပတ်သက်ပြီးရင်လေ အဲဒီအမှုနဲ့ဆိုင်တဲ့ ဥပဒေကြောင်းရာတွေ အရေးယူပုံတွေကို လူထုသိအောင်ချပြတာ အဲလိုဟာတွေ အခုထိတော့မတွေ့ရသေးဘူး။
အမှုဖြစ်လို့ရုံးရောက်မှ တရားလိုနဲ့ တရားခံက သိရတာ ဒီအမှုကို ကျူးလွန်ရင် ဥပဒေအရ ဒီလိုပုဒ်မတွေနဲ့ အရေးယူလို့ရတယ် ဆိုတာကို public awareness လုပ်ရမယ်။
အခု ရခိုင်မှာ အဲဒီအပိုင်းကို အားစိုက်တာ သိပ်မတွေ့သလိုပဲ။ ပြစ်မှုထင်ရှားတာတွေ လက်ရမိတာတွေ ဝန်ခံချက်ပေးတာတွေကိုတော့ ထိရောက်တဲ့ အရေးယူမှုလုပ်တာရှိမှာပေါ့။
ဒါပေမယ့် အဲဒီတရားခံကိုမေးကြည့်လိုက်ရင် မုဒိန်းမှုကျူးလွန်ရင် ဘယ်လိုပြစ်ဒဏ်ပေးခံရမယ်ဆိုတာ မသိကြဘူး။
အရေးယူတယ်လို့ပဲ သိကြမှာ။ ဘယ်ပုဒ်မ ထောင်ဒဏ်ဘယ်လောက်ဆိုတာကို မသိကြဘူး။ အဓိကက အဲလို ဥပဒေကြောင်းဆိုင်ရာအသိပေးမှုတွေကို အခုသိမ်းပိုက်ပြီးသားမြို့ရွာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တယ်။
ကလေးတွေ အဓမ္မပြုကျင့်မခံရအောင် မိဘတွေက သင်ပြပေးဖို့ကလည်း လိုအပ်တယ်။ ရာဇဝတ်သားတွေက အားနည်းတဲ့ ကလေးငယ်တွေကိုပဲ ပစ်မှတ်ထားကြတာတွေ့ရတယ် ။
ကုစားပေးမှုအပိုင်းက ရေရှည်သွားရမယ့် ကိစ္စတွေဖြစ်လို့ ခဏတာဖြေရှင်းချက်နဲ့လုံလောက်တယ်လို့ မထင်ပါဘူး။
အခုပဲ အမှုဖြစ်တယ် ပြီးရင်ထောက်ပံ့မှုတချို့ လုပ်လိုက်တယ်ဆိုတာမျိုးတွေအပြင် ကျူးလွန်ခံရတဲ့သူအတွက် အသိုင်းအဝိုင်း ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မခံရအောင် ကျုးလွန်ခံရသူထက် ပတ်ဝန်းကျင်က လူထုကိုပိုပြီးတော့ အသိပညာပေးရမယ်။
မိမိ ကိုယ်တိုင် လိုချင်လို့ဖြစ်လာတဲ့အမှု မဟုတ်တဲ့အတွက် သူ့ရဲ့လူမှု ဘဝ နယ်ပယ်တွေမှာ နေရာမပေးဘဲ ချန်လှပ်တာမျိုးလည်း မလုပ်သင့်ဘူးလေ။
မြေပုံမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး
အခုနောက်ပိုင်း rape case တွေ ခပ်စိပ်စိပ်ပြန်ကြားလာရတယ်။ တရားရေးမဏ္ဍိုင်ကလည်း ထိထိရောက်ရောက် အရေးမယူနိုင်တာမျိုးတွေတွေ့ရတယ်။
လတ်တလော အတွင်းမှာတင် ပြည်သူတွေ စိတ်ဝင်စားမှုမြင့်တက်ပြီး တရားမျှတမှုအတွက်တောင်းဆိုနေတဲ့ rape case သုံးခု တွေ့ရတယ်ပေါ့နော်။
မင်းပြားမြို့နယ် (ဖားပြိုရွာ) case, မြေပုံမြို့နယ် (လွန်းလုံးပိုက်) case နဲ့ အခုလက်ရှိ case ပေါ့နော်။ အခုလက်ရှိ case ကတော့ AA က ဘယ်လိုအရေးယူဆောက်ရွက်နေမယ်ဆိုတာမျိုးတော့ မသိရသေးပါဘူး။
ဒါပေမယ့် AA က တရားရေးမဏ္ဍိုင်ကို အကောင်ထည်ဖော်လာတဲ့တလျှောက်မှလည်း Rape case တချို့ကို စတင်ကိုင်တွယ်လာတာမျိုးတွေရှိခဲ့တယ်၊ ဒါပေမယ့် တရားခံတွေကို ဘယ်လိုပြစ်ဒဏ်ပေးတယ်ဆိုတာမျိုးကို ပြည်သူတွေကို တိုက်ရိုက်ချပြတာမျိုးမရှိဘူးပေါ့နော်။
တချို့ case တွေဆိုလို့ရှိရင် အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်သွားပြီး အေအေက ဘယ်လို ကိုင်တွယ် ဖြေရှင်းနေလဲ ဆိုတဲ့ ဖြစ်စဉ်တွေကိုလည်း အကုန်မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတယ်။
သက်ငယ်မုဒိန်းမှုဖြစ်ဖြစ်၊ ဘယ်လိုမုဒိန်းမှုမျိုးကို မဆို ဘယ်လိုပြစ်ဒဏ်နဲ့ အရေးယူမလဲဆိုတာမျိုးကို တိတိကျကျ ထုတ်ပြန်ဖို့လိုအပ်မယ် ထင်ပါတယ်။ နောက်တချက်ကလည်း တရားရေးရာဌာနတွေမှာ မှုခင်းစစ်ဆေးဖို့ နည်းပညာအရလိုအပ်ချက်တွေနဲ့ လူအင်အားတွေ မလုံလောက်တာတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါမယ်။
သက်ငယ်မုဒိန်း တရားခံတွေကို သေဒဏ်ပေးတဲ့အထိ ပြစ်ဒဏ်ချမှတ်စေချင်ပါတယ်။ အေအေ အနေနဲ့ ကြားကာလအနေအထားမျိုးမှာ legitimacy ရယူဖို့ကြိုးစားနေရတဲ့အခြေအနေမျိုးမှာ သေဒဏ်ပေးတာမျိုး ကတော့ သူတို့အတွက်လည်း challenging တော့ဖြစ်မယ်။
ဒါပေမယ့် မုဒိန်းမှုတွေကို သေသေချာချာကိုင်တွယ်ပြီး ပွင့်လင်းမြင်သာမှုရှိအောင်တော့ အပြစ်ဒဏ်ချမှတ်သင့်ပါတယ်။ social media မှာ တဟုန်ထိုးဝေဖန်ခံလာရတဲ့အချိန်မျိုးမှာမှ ချက်ချင်းထဖြေရှင်းပြပြီး ပြည်သူတွေကို အချိုသတ်တာမျိုးကတော့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး ။
ဒါကကျတော့ ရခိုင်ပြည်ရဲ့လက်ရှိအနေအထားနဲ့ ပြောရတော့ခက်တယ်ပေါ့နော်။ သတင်းအချက်အလက် ရယူနိုင်မှုလည်းအားနည်းတော့ မျက်စိပိတ်နားပိတ်ဖြစ်နေကြတာပါ။ အဓိကတော့ ကလေးတွေအတွက်ရော၊ မိဘတွေအတွက်ရော sex education က အရေးကြီးတယ်ဆိုတာလက်ခံဖို့လိုတယ်။
sex education က အရေးကြီးတယ်ဆိုတဲ့ အသိမျိုးကို ရခိုင်ပြည်ရဲ့ ၉၀ရာခိုင်နှုန်းသော လူထုက ရှေးရိုးစွဲပြီး လက်မခံနိုင်တဲ့ အနေအထားမှာရှိနေတုန်းပေါ့။
မိဘတွေအနေနဲ့လည်း ကလေးတွေကို ကိုယ့်ရဲ့ body part ကို care giving လုပ်ပေးတဲ့ အဖေဆိုလည်းအဖေ၊ အမေဆိုလည်း အမေပေါ့နော် သူတို့တွေ ရေချိုးပေးတာ၊ သန့်ရှင်းရေးလုပ်ပေးတာကလွဲရင် တခြားသူတွေကို ပေးမထိသင့်၊ ပေးမကိုင်သင့်ကြောင်းတွေတော့ အခြေခံအကျဆုံးအချက်အနေနဲ့ ပြောပြထားသင့်ပါတယ်။
သက်ငယ်မုဒိန်းမှုက အနီးစပ်ဆုံး၊ အရင်းနှီးဆုံးသူတွေကျ ကျူးလွန်ကြတာများတာကြောင့် မိသားစုဝင်တွေအနေနဲ့ ကိုယ့်သားသမီး ကလေးတွေကို ယုံကြည်ရတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ပဲဆိုပြီး မျက်ကွယ်ပြုမထားသင့်ဘူး။ ဒီနေရာမှာ မိဘတွေအပြင် ဆရာ၊ ဆရာမတွေရဲ့ role ကလည်းအရေးကြီးပါတယ်။ အေအေ အနေနဲ့လည်း curriulum တွေမှာ sex education နဲ့ပတ်သတ်ပြီး ထည့်သွင်းဆွေးနွေးတာမျိုး လုပ်ပေးနိုင်ရင်တော့ ဒီအရွေ့ကတော့ မြန်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုကတော့ အတော်လေးကို သက်ရောက်မှုရှိပါမယ်။ ကလေးအနေနဲ့လည်း ရှေ့ဆက်ရမယ့် ခရီးလမ်းအရှည်ကြီးမှာ ဒီအဖြစ်ဆိုးတွေက ကြောက်လှန့်နေတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါကိုလည်း psychosocial support ပေးမယ့်အဖွဲ့အစည်းတွေလိုမယ်။ နောက်တစ်ခုကလည်း victim မိသားစုဝင်တွေပေါ့မယ်။ ဒါကြီးက မိသားစုအတွက်အရှက်ရတဲ့ ဖြစ်ရပ်ဆိုတာမျိုးမတွေးသင့်ဖို့ကြိုးစား ရပါမယ်။ ကျူးလွန်သူတွေနဲ့ မိသားစုအသိုင်းအဝိုင်းတွေသာ အရှက်ရပြီး လူတောမတိုးသင့်အောင် ရှုံ့ချရမယ့် ဖြစ်ရပ်မျိုးပါ။
ကိုယ့်အနေနဲ့ဆိုရင်တော့ rape case သတင်းတွေတက်လာတိုင်း အိမ်က တူ၊ တူမ တွေကို စိတ်ပူတယ်။ မိသားစုတွေကလည်း သတင်းအချက်အလက်မရနိုင်တော့ ကလေးတွေအသက်အရွယ် စိတ်ပညာပိုင်းအရ ဘယ်လိုမျိုးသင်ပြထားသင့်တယ် ဆိုတာမျိူး သူတို့ ထိထိရောက်ရောက် မသိနိုင်မှာမျိုးစိုးရိမ်တယ်။
စာရေးဆရာ ကို ဘုန်းမောင်ဦး (ရခိုင်လူငယ်)
AA အနေနဲ့ မုဒိမ်းမှု၊ မတရားသဖြင့် ထိပါးစော်ကားမှု၊ ကာယိန္ဒြေ နှောင့်ယှက်ပျက်ပြားအောင် လုပ်တာမျိုးတွေနဲ့ ပတ်သက်လာရင် သက်ဆိုင်တဲ့ ဥပဒေတစ်ရပ်ကိုတော့ ယတိပြတ်ပြဌာန်းဖို့ လိုလိမ့်မယ်။ စနစ်တကျ ရှိနေမယ့် ဥပဒေတစ်ရပ်နဲ့ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်လိမ့်မယ်။
AA ဘက်က ဥပဒေ မပြဋ္ဌာန်းသရွေ့ မုဒိမ်းမှုဆိုက ဖြစ်ချင်တိုင်းကို ဆက်ဖြစ်နေမှာပဲ။ အခု တိုက်ပွဲ မပေါ်ခင်ကတည်းက ဒီပြဿနာတွေ ပေါ်လာပြီးသား။ အဲဒီတုန်းက သက်ဆိုင်ရာ အစိုးရကလည်း ထိထိရောက်ရောက် စုံစမ်းစစ်ဆေးတာတွေ၊ အက်ရှင်ယူတာတွေ၊ နစ်နာသူနဲ့မိသားစုကို ဖေးမကူညီတာမျိုးတွေ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ပေါင်းပြီး အသိပညာပေးတာမျိုးတွေ မလုပ်တာ တော်တော်လေး များတယ်။
ဒီစနစ်ဆိုး၊ စနစ်ဟောင်းက လမ်းစဉ်အတိုင်း ULA အစိုးရအနေနဲ့ ဆက်လုပ်နေမယ်လို့ ဆိုရင် ပြည်သူအားထားရ၊ ပြည်သူယုံကြည်ရလောက်တဲ့ အစိုးရတစ်ရပ် ဘယ်တော့မှမဖြစ်တော့ဘူး။
ရခိုင်လူထုတစ်မျိုးသား မျှော်လင့်နေတဲ့ ရက္ခိတလမ်းစဉ်ဆိုတာနဲ့ အံဝင်ကွင်ကျ ကိုက်ညီနေတော့မှာ မဟုတ်ဘူး။
AA ဟာ ရခိုင်လူထုရဲ့ ထောက်တိုင်ဖြစ်နေတဲ့အတွက် AA ပြတ်ပြတ်သားသား ရှိနေမှသာ ကျန်တဲ့နောက်ဆက်တွဲက ရှင်းရှင်းလင်းလင်း ဖြစ်နေမှာလို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။
စစ်ပွဲကာလ အခုလိုမျိုး ဖြစ်နေတာ ဘာကြောင့်လဲဆိုရင် နှစ်ပိုင်း ရှိမယ်။ တစ်ပိုင်းက စနစ်ဟောင်း အက်ရှင်မယူခဲ့တဲ့အရာတွေ အခုအချိန်ထိ လိုက်ပါလာတာတွေ၊ နောက်တစ်ပိုင်းက စစ်ပွဲကြားကာလမှာ ဒီအရေးထဲ တခြားအရေးကိုပဲ အာရုံပိုစိုက်နေကြရတာတွေ၊ ဒီနှစ်ခုပါ။
ပထမအပိုင်းကို အပေါ်မေးခွန်းမှာလည်းပဲ ပူးတွဲဖြေသွားပြီပါပြီ။ အဓိက,က ဒုတိယအပိုင်းပါ။ စစ်ပွဲကာလ ရောက်နေတော့ ရခိုင်လူထုအကုန်လုံးမှာ စိတ်ဒဏ်ရာတွေ ကိုယ်စီရှိနေကြတယ်။ ဒီစိတ်ဒဏ်ရာတွေကြားထဲမှာ တင် မုဒိမ်းမှုဆိုတာကပါ ထပ်ဖြစ်သေးတော့ တိုင်စရာတန်းစရာ ကြုံလာရင် AA ဆီရောက်မယ်။
ဒါပေမယ့် AA ရဲ့မူဝါဒက.. လူမှုရေးပြဿနာထက်၊ နိုင်ငံရေး ပြဿနာက ပိုအရေးကြီးနေတဲ့ကာလ ဖြစ်နေတော့ သူတို့ဘက်မှာလည်းပဲ လိုအပ်ချက် အနည်းအများတော့ ရှိနေမှာပဲ။ ဒီအခါ ဖြေမရှင်းပေးနိုင်သေးတာ၊ ဖြေရှင်းဖို့ ပျက်ကွယ်နေတာ၊ ဖြေရှင်းဖို့ လျစ်လျူရှုလိုက်မိတဲ့ အဖြစ်လည်း ကြုံမိကြပါလိမ့်မယ်။
ဒါတွေ အကုန်လုံးကို ULA အစိုးရရဲ့ သက်ဆိုင်သူဘက်ကနေ သေချာလေး ထိန်းကွပ်ဖို့၊ နည်းဥပဒေတွေ ပြဋ္ဌာန်းဖို့နဲ့ အမြန်ဆုံး အက်ရှင်ယူဖို့လုပ်ငန်းစဉ်တွေ လုပ်ကို လုပ်နေရလိမ့်မယ်။ အကယ်၍များ ခေတ်ဆိုးကြီးကို ကျော်လွှားပြီးခဲ့ရင်တောင် ဒါတွေက ထပ်ဖြစ်လိုက်၊ ဖြစ်လာမှ ချက်ချင်း ထလုပ်လိုက်ဆိုရင် စနစ်ပြောင်းလဲ ဟောင်းမြဲဟောင်းနေမှာပဲ။
ကလေးတွေ အဓမ္မပြုကျင့်ခြင်း မခံရအောင် ပထမအရေးကြီးက ပြင်းထန်ပြီး ထိရောက်တဲ့ ဥပဒေနဲ့ ကာကွယ်ရမယ်။ ဒါပြီးရင် ကျောင်းပညာရေးမှာ ပို့ချပေးမယ်။ အခုမေးတဲ့မေးခွန်းအနေနဲ့ဆို မိဘတွေဘက်ကလည်း တာဝန်ရှိတယ်။
ဒီနေရာမှာ ကြားဖြတ်သိစေချင်တာတစ်ခု မိဘတွေသီးသန့်ချည်းပဲ မုဒိမ်းမှုမဖြစ်အောင် ကာကွယ်တားဆီးလို့မရနိုင်ဘူးဆိုတာကို လေးလေးနက်နက် ထဲထဲဝင်ဝင် သိဖို့လိုတယ်။
အထူးသဖြင့် သားယောက်ျားလေး မွေးထားတဲ့ မိဘတွေအနေနဲ့ ကိုယ့်သားကို ဆိုဆုံးမပြောပြတဲ့နေရာမှာ စနစ်ဟောင်းက ဖိုဝါဒရိုက်သွင်းပြီး ဆုံးမတာမျိုးတွေ၊ ယောက်ျားဆို ဘုန်းနဲ့ တန်ခိုးပြီး ဘာနေနေ အမျိုးသမီး လူတန်းစားထက် မြင့်မြတ်နေတဲ့ စကားလုံးနဲ့ ဆုံးမတာတွေ၊ အမျိုးသမီးတွေကို သားပြောမယားပြော ပြောစေမယ့် စကားလုံးတွေနဲ့ ဆုံးမလို့ မရဘူး။
သမီးမိန်းကလေး မွေးထားတဲ့မိဘတွေကတော့ ကိုယ့်သမီးနဲ့ ကိုယ်ကြားမှာ ပွင့်လင်းမြင်သာမှု ရှိနေရမယ်။ သမီးကို မဟုတ်တာ လုပ်တဲ့သူရှိနေရင် အချိန်မရွေး လာပြောဖို့ လမ်းကြောင်းဖွင့်ထားပေးရမယ်။ သမီးရဲ့ ခန္ဓာကိုယ်ထဲက ဘယ်နေရာ ဘယ်အစိတ်အပိုင်းကို ကိုင်ရင် လက်မခံနဲ့၊ ပြီးရင် မေမေ ဖေဖေတို့ကို လာပြောဆိုတာမျိုး သင်ပေးထားရမယ်။ ဒါတွေကလဲ Sex Education ထဲမှာ ပါတဲ့ အခန်းကဏ္ဍတွေ။
ပတ်ဝန်းကျင်ထဲ ရှက်ကြမယ်၊ လူ့အသိုင်းအဝိုင်းကို ရွံသွားမယ်။ ပြီးရင် ဥပဒေ၊ ဒီဥပဒေကို ရေးဆွဲ ချမှတ်ထားတဲ့ သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်းတွေအပေါ် သံသယတွေ ဝင်လာမယ်။ ခံရသူသာ စစ်မှန်ရင် စိတ်ဒဏ်ရာတွေကတော့ ရကိုရမှာပဲ။
ဒါတွေကို ရခိုင်လူထုရော၊ ရခိုင်အစိုးရဖြစ်လာမဲ့ အဖွဲ့အစည်းကရော Social Support ကောင်းကောင်း လုပ်ဖို့၊ ကြိုတင်ပလန်တွေ ရေးဆွဲထားဖို့ လိုကိုလိုအပ်ပါတယ်။