တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း-မူဆယ် လမ်းပိုင်း ခရီးသွားလာခွင့်ကို TNLA မှ ယာယီပိတ်ထားသည်ဟု သိရသည်။
ယနေ့ ဇူလိုင် ၃၁ မနက်ပိုင်းမှစပြီး မူဆယ် – နမ့်ခမ်းလမ်းအား ခရီးသွားလာခွင့်ကို ယာယီပိတ်ထားခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက သံလွင်ခက်ကို အတည်ပြုပြောသည်။
“မနေ့ညက အုပ်ချုပ်ရေး group ထဲမှာ ပြောလာတာ။ မူဆယ်-နမ့်ခမ်းလမ်းကို ယာယီ ပိတ်ထားမယ်ပေါ့။ နမ့်ခမ်းမြို့အဝင် မန့်ခမ်းဂိတ်နားကနေ စပိတ်ထားတာ။ ပြန်ဖွင့်မယ့်ရက်ကိုတော့ ပြန်ပြောပေးမယ် ပြောတယ်။ ဘာကြောင့် ပိတ်တာလဲဆိုတာကိုတော့ မပြောဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိမှာ မူဆယ်-နမ့်ခမ်း လမ်းပိတ်ထားမှုကြောင့် အဆိုပါလမ်းတလျှောက်တွင် လှည့်ပတ်ဈေးရောင်းနေသည့် ရွေ့လျား ဈေးသည်များအနေဖြင့် ဈေးမရောင်းရ၍ အခက်အခဲများရှိနေသောကြောင့် လူကြီးများအနေဖြင့် ပြန်လည်စဉ်းစားပေးသင့်သည်ဟုလည်း ဆိုသည်။
ဆိုင်ကယ်ဖြင့် ဈေးရောင်းနေသည့် ဈေးသည်အမျိုးသမီးတစ်ဦးက “ကျွန်မတို့က မနက် ဈေးရောင်းဖို့အတွက် ညကတည်းကပြင်ဆင်ထားတာ။ လမ်းပိတ်မယ်ဆိုတာလည်း မသိရဘူးလေ။ ဒီမနက်သွားတော့ ဂိတ်က ပိတ်ထားတယ်။ သွားမရဘူးတဲ့။ ကုန်စိမ်းတွေ၊ အသားငါးတွေကို ဝယ်ထားရတာ ဘယ်မှာ သွားရောင်းရမှာလဲ။ ကျွန်မတို့က တနေ့လုပ်မှ တနေ့စားနေရတာလေ။ ပြန်ပြီးသုံးသပ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟုပြောသည်။
နမ့်ခမ်း-မူဆယ်လမ်းအား ယာယီ သွားလာခွင့် ပိတ်ထားသော်လည်း နမ့်ခမ်းမြို့ပြင်ရှိ ကျေးရွာများမှ ဒေသခံများထဲမှ ဈေးဝယ်ရန် သွားသော သူများ၊ ကျောင်းသူကျောင်းသားများအား မြို့တွင်းသို့ သွားလာခွင့်အားပြုထားသည်ဟုလည်း သိရသည်။
ထိုသို့ ယာယီပိတ်ထားရသည့် အခြေအနေနှင့် ပတ်သက်၍ နမ့်ခမ်းမြို့အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက “မြို့၏ လုံခြုံရေးအရ ခဏ ပိတ်ထားတာပါ။ ဒီနေ့ တစ်ရက်လောက်ပါပဲ။ဒေသခံတွေအနေနဲ့ မစိုးရိမ်ကြပါနဲ့” ဟု သံလွင်ခက်ကိုပြောသည်။
မူဆယ်-နမ့်ခမ်းလမ်းအား ခရီးသွားလာခွင့် ယာယီပိတ်ထားသော်လည်း မူဆယ်မြို့နှင့် မိုင်းယု (၁၀၅) မိုင် လမ်းပိုင်းကိုတော့ ပိတ်ထားခြင်းမရှိဘဲ ယခင်အတိုင်း သွားလာမှုများ ရှိနေသည်။
လက်ရှိမှာ လမ်းပိတ်ထားမှုကြောင့် မြို့ထဲ၌ လူသွားလာမှုများ ယခင်နှင့်မတူဘဲ နည်းပါးနေပြီး ဒေသခံများအနေဖြင့်လည်း စိုးရိမ်မှုများရှိနေကြသည်။
စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် မိုင်းလုံမြို့များရှိ အရပ်သားများ နေထိုင်ရာ ရပ်ကွက်၊ ဟိုတယ်များအား လက်နက်ကြီးအပြင် လေကြောင်းဖြင့် နေ့စဉ်ဆိုသလို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ဓာတ်ပုံ – သံလွင်ခက်