အတင်းအဓမ္မ စစ်သား စုဆောင်းခံရသူ တစ်ဦးသည် ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ် အခြေစိုက် တပ်မတော်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံသင်တန်းကျောင်း (တကန) တွင် ညလုံးပေါက် ရိုက်နှက်ခံရသောကြောင့် သေဆုံးသွားသည်ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ၏ ဇူလိုင် ၂၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
တပ်တွင်း သတင်းရင်းမြစ်၏ ပြောဆိုမှုအား MDSI အဖွဲ့က “သင်တန်းဖွင့်ပြီး တစ်လလောက်အကြာမှာ သင်တန်းသား လေးယောက် ထွက်ပြေးတာ။ အဲဒီထဲက ပြန်ဖမ်းမိတဲ့ တစ်ယောက်ကို နည်းပြဗိုလ်ကြီးနဲ့ အဖွဲ့တွေ တစ်ညလုံး ရိုက်နှက်ရင်း လက်လွန်ပြီး သေသွားတာ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု သေဆုံးသွားသူသည် စစ်မှုထမ်းအပတ်စဉ် (၉) မှ သင်တန်းသားဖြစ်ပြီး ထွက်ပြေးချိန်တွင် ပအိုဝ်းပြည့်သူစစ် PNO အဖွဲ့မှ ဖမ်းမိ၍ စစ်ကောင်စီထံသို့ ပြန်လည်အပ်နှံခဲ့ပြီးနောက် နည်းပြဗိုလ်ကြီးနှင့် အဖွဲ့က ညလုံးပေါက် ရိုက်၍ သေဆုံးခဲ့ရခြင်းဖြစ်သည်။
သို့သော် ကျန်းမာရေးမကောင်း၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်း၏ မိသားစုအား တကနကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက အကြောင်းကြားထားသည်ဟု တပ်တွင်းသတင်းရင်းမြစ်၏ ပြောဆိုချက်ကို ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
တကန(ဟိုပုန်း)သည် ပြည်သူ့စစ်မှုထမ်း (ပစ) သင်တန်းကို အများဆုံး လက်ခံလေ့ကျင့်ပေးနေသည့် စစ်သင်တန်းကျောင်း ဖြစ်ပြီး အပတ်စဉ် တစ်ခုလျှင် သင်တန်းသား ပျမ်းမျှ ၅၀၀ ဝန်းကျင်ကို လေ့ကျင့်သင်တန်းပေးလျက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီသင်တန်းကျောင်းများတွင် ရိုက်နှက်နှိပ်စက်မှုများ ရှိနေပြီး ထွက်ပြေးသူများကိုလည်း ပစ်ခတ်ဖမ်းဆီးမှုများကြောင့် သေဆုံးသူများရှိနေသည်ဟု စုံစမ်းသိရသည်။
ထို့အပြင် စစ်ကောင်စီသည် တပ်သားများကို အတင်းအဓမ္မ လူသားဒိုင်းအဖြစ် အသုံးချကာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်လျက်ရှိသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် အတည်ပြုခဲ့ပြီး ထိုအချိန်မှစ၍ စစ်သားစုဆောင်းခဲ့ကာ လက်ရှိအချိန်ထိ လူပေါင်း ၇၀,၀၀၀ နီးပါးကို စစ်မှုထမ်းစေခိုင်းခဲ့ပြီး ဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
#အတင်းအဓမ္မစစ်သားစုဆောင်း #သေဆုံး #ThanLwinKhetNews