ခင်သရဖီဦး
စစ်ကောင်စီ၏ စစ်တွေ တပ်ရင်းများမှနေ၍ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ဇူလိုင်လ ၂၇ ရက်မှ စတင်ကာ ထိုသို့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။
ပေါက်တောဒေသခံ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက “အခုတလော ညဘက်ဆိုရင် လက်နက်ငယ်အသံတွေရော၊ လက်နက်ကြီးအသံတွေရော ပစ်ခတ်သံတွေ ကြားရတယ်။ ဘယ်ဘက်တွေကို လက်နက်ကြီးတွေ ကျတာလဲဆိုတာတော့ သေချာမသိဘူး” ဟု ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသော စစ်တွေမြို့နှင့် နီးသည့် ပေါက်တောမြို့နယ်မှ ဒေသခံများမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် အခြား စစ်ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
ထို့အတူ စစ်တွေဘက်မှ ပုဏ္ဏားကျွန်းမြို့နယ်ထဲရှိ ကွမ်းတောင်၊ ပဒေသာ၊ ဆင်အင်ကြီးစသည့် ကျေးရွာများအားလည်း ထိုကဲ့သို့ ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ဒေသခံများမှာ ထပ်မံ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
ပုဏ္ဏားကျွန်းဒေသခံ အသက် ၄၅ နှစ်ရွယ် အမျိုးသား တစ်ဦးက ”တိုက်ပွဲ ရပ်ပြီဆိုပြီး မိမိနေရပ်ကို ပြန်ပြီး နေထိုင်နေတဲ့ လူတွေက အခုတော့ ပြန်ပြီးတော့မှ စစ်ဘေးရှောင်နေကြရတယ်။ ရွာ တော်တော်များများက ပြန်ပြီးတော့ စစ်ဘေးရှောင်ကြရတာပေါ့လေ” ဟု ပြောသည်။
ထို့အပြင် စစ်တွေမြို့ အပြင်ဘက်ရှိ အမြင့်ကျွန်း၊ ကျောက်တန်းချေ၊ ကံကော်ကျွန်း၊ ဇော်မဒတ်ကျေးရွာများအားလည်း စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အား ဖြည့်တင်း၍ ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု သိရသည်။
အာရက္ခတပ်တော် AA သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက စစ်တွေမြို့ကို သိမ်းပိုက်ရန် စစ်ရေးဖိအားပေးမှုများ၊ ပိတ်ဆို့မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ စသည့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေခဲ့သည်။
သို့သော် အေအေအနေဖြင့် စစ်တွေမြို့အား မသိမ်းပိုက်နိုင်သေးသည့်အတွက် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမှ ဒေသခံများမှာ မိမိနေရပ်သို့ မပြန်နိုင်သေးခြင်းဖြစ်ကာ စစ်တွေဒေသခံများမှာလည်း စစ်ပွဲကြောင့် ပြည်မနှင့် ဘေးလွှတ်ရာ နေရာများသို့ တိမ်းရှောင်နေကြရသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၄ သိန်း ၈ သောင်းကျော်အထိ ရှိနေသည်ဟု ၂၀၂၅ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကုလသမဂ္ဂ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
#ပေါက်တော #ပုဏ္ဏားကျွန်း #လက်နက်ကြီးပစ်ခတ် #ThanLwinKhetNews