နိုနို
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဇူလိုင်လ ၂၈ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်သုံးယာဉ်များဖြင့် စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ ၆ ရွာမှ ပြည်သူများ စစ်ဘေးရှောင်ခဲ့ရသည်။
၎င်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စစ်တပ်သား ၂၀၀ခန့်မှာ တင့်ကား နှစ်စီး၊ သံချပ်ကာကား နှစ်စီးနှင့်အတူ ပုဂံမြို့ဟောင်းတောင်ဘက်ခြမ်းရှိ ဂန့်ဂါ(အာဏာသိမ်းကာလအတွင်း ခေါ်ဝေါ်သည့် ပျူရွာ)ဘုန်းတော်ကြီးကျောင်းတွင်အခြေစိုက်ခဲ့သည်။
၎င်းနောက် ညနေ ၅ နာရီခန့်တွင် ဂန့်ဂါရွာအရှေ့ဘက် ၃ မိုင်အကွာရှိ ကန်နီပေါက်ရွာနှင့် ကျောက်ကန်ရွာများသို့ ဆက်လက်ဝင်ရောက်ခဲ့သည်။
ထိုနောက် ကျေးရွာအတွင်း သေနတ်များပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြည်သူ၃၀၀၀ ကျော်မှာ နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
“စစ်တပ်က ရုတ်တရက်၂၈ရက် မှာမထင်မှတ်တဲ့ အနေအထားနဲ့ရောက်လာတာ။ ရွာတွေထဲကိုဝင်ပြီး မွှေနှောက်တယ်၊ ဖျက်ဆီးတယ်၊ ရွာလယ် ဓမ္မာရုံထဲက ပစ္စည်းတွေကို ခြေထောက်နဲ့ ကန်တာတွေလုပ်တယ်၊ ရွာထဲကပြည်သူတွေရဲ့ပိုက်ဆံတွေပစ္စည်းတွေယူတာမျိုးတွေ လုပ်တယ်။ “ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ပြည်သူများ၏နေအိမ်များ ပျက်စီးခဲ့ပြီး ကျောက်ကန်၊ ကန်နီပေါက်၊ တောရွာ၊ အေးရွာ၊ ဂျိုးကန်နှင့် မန်ကျည်းတန်းကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာတွင် ခိုလုံနေရဆဲဖြစ်သည်။
“ဒီနေ့ မနက်လည်းအင်းအားဖြည့်ပြီး စုစုပေါင်းကား၈စီးနဲ့ ကန်နီပေါက်ရွာပတ်ဝန်းကျင်တွေ ရောက်လာသေးတယ်။ ဒရုန်းလွတ်ပြီး ကင်းထောက်တာတွေလုပ်သွားပြီး တပ်နောက်ပြန်ဆုတ်သွားတယ်”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
၎င်းဒေသသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သဖြင့် အနီးတဝိုက်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းနှင့် အရပ်သားအပေါ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီအပေါ် ဝေဖန်မှုများ၊ အကြံပြုချက်များရှိခဲ့သော်လည်း စစ်တပ်က ဆက်လုပ်ဆောင်နေဆဲဖြစ်သည်။
ဓါတ်ပုံ – စစ်ကြောင်းရန်ကြောင့် နေအိမ်စွန့်ခွာခဲ့ရသော အညာစစ်ဘေးရှောင်များ(ပုံဟောင်း)