အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်ပေးသူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးပြီး သုံးရက်အကြာတွင် ၎င်း၏ သမီးဖြစ်သူနှင့် သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) အဖွဲ့ဝင် ခြောက်ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။
ရန်ကုန်မြို့၊ ရွေ့ပြည်သာမြို့နယ်ရှိ STUM ရုံးကို စစ်ကောင်စီက ယမန်နေ့ ဇူလိုင် ၂၈ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်ဟု အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက ဆိုသည်။
STUM အဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဇူလိုင် ၂၅ ရက် ညပိုင်းတွင် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ စက်မှုလက်မှု ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUSF မှ ကိုနေလင်းအောင်က “ဒေါ်မျိုးမျိုး ဖမ်းခံရတာ ဘာကြောင့်ဖမ်းခံရတာလဲဆိုတာ ကျနော်တို့လည်း မသိဘူး။ ဒါပေမဲ့ ဒေါ်မျိုးမျိူးအေး လုပ်နေတာတွေက အလုပ်သမားကိစ္စတွေပဲ ရှိတယ်။ မေးဒေး တစ်ရက်နေ့တုန်းက ထုတ်ပြန်ချက် ထုတ်တာနဲ့ပတ်သက်လို့ ဌာနဆိုင်ရာတွေနဲ့ ပြသနာရှာတာတွေရှိတယ်လို့တော့ ကြားတယ်” ဟု ဆိုသည်။
၎င်း၏ သမီးဖြစ်သူ မချူးချူးသွယ်ကလည်း မိခင်ဖြစ်သူကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ကျန်းမာရေးအတွက် စိုးရိမ်ကြောင်းကို ဇူလိုင် ၂၇ ရက်တွင် ၎င်း၏ လူမှုကွန်ရက်၌ ပြောဆိုထားပြီး နောက်တစ်ရက်တွင် STUM အဖွဲ့ဝင်များနှင့်အတူ ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဧပြီလတွင်လည်း တစ်ကြိမ်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထောင်ချခဲ့ရာ အောက်တိုဘာ ၂၁ ရက်တွင် ပြန်လွတ်မြောက်ခဲ့သည်။ ယခုအကြိမ်မှာ ဒုတိယအကြိမ်ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့သားများသည် ပြည်တွင်း စက်ရုံ၊ အလုပ်ရုံနှင့် သူဌေးများ၏ လုပ်ခလစာ မပေးခြင်း၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းများနှင့် ပတ်သက်၍ အလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသူများဖြစ်သည်။