ခင်သရဖီဦး
ရခိုင်ပြည်နယ်တွင် ယခင်ရက်ပိုင်းမှစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေ မြင့်တက်လာပြီး ကျေးရွာ ၁၆ ရွာရေထပ်မံ နစ်မြုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မင်းပြားမြို့နယ်ရှိ လက်ခုတ်ကျေးရွာ၊ မြင်းတင်မ၊ ဒုံသား၊ တံခွန်တိုင်၊ ချင်းဆိပ်၊ တောတန်း၊ သာစည်၊ ချောင်းတို၊ ကပွဲ့၊ ပုလဲတောင်၊ ဝါးတောင်၊ အသေကာလ၊ မင်းဖူး၊ မြင်းကဆိပ်၊ ကုလားမတောင်ကျေးရွာများ ရေနစ်မြုပ်နေခြင်း ဖြစ်သည်။
ဇူလိုင်လ ၂၇ ရက်မှစတင်၍ ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကာ ယနေ့အထိ ရေနစ်မြုပ်မှုများဆက်လက်ရှိနေသည်ဟုအသက် ၃၀ အရွယ် မင်းပြားဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
”ဟိုတလောက မိုးတန့်နေတော့ ရေက အများကြီး မမြုပ်ဘူး။ အခုက မိုးပြန်ရွာတာနဲ့ ချောင်းရေတက်လာတဲ့ အချိန်က စပြီးတော့ ရေကြီးတာပါ။ အခုလည်း ရေက ချောင်းရေတက်လာချိန်ဆို ကြီးနေပါတယ်”ဟု ၎င်းက ဆိုသည်။
ရေအမြင့်ပေမှာ ၃ ပေမှ ၄ ပေခန့်အထိ မြင့်တက်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းကလည်း ယင်းကျေးရွာများတွင် ယခုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
စပါးခင်းတချို့ ရေနစ်မြုပ်ခဲ့ကာ လက်ရှိတွင်လည်း ထပ်မံနစ်မြုပ်မှုကြောင့် အချို့ ပျက်စီးမှုများရှိနေသည်ဟု သိရသည်။
“အခုလိုမျိုး မိုးဥစကတည်းက မိုးကြီး ရေကြီးနေတာဟာ မကြာမကြာ ဖြစ်နေတော့ စပါးခင်းတွေကလည်း မခံနိုင်ဘူး။ ရွှံ့တွေကလည်း ရေကျသွားလို့ရှိရင် တော်တော်လေး ကျန်ခဲ့တယ်။ စပါးပင်တွေကလည်း နည်းနည်း ထွက်နေတဲ့ လယ်ကွက်တွေကတော့ ပုပ်တာတွေ ဖြစ်မှာပေါ့” ဟု ဒေသခံ အမျိုးသားက ဆိုသည်။
ရခိုင်တွင် ယခုနှစ် မိုးရာသီအတွင်း ကျေးရွာပေါင်း ၉၀ အထိ ရေလွှမ်းမိုးခံနေရပြီး လူပေါင်း ၁၂၀၀၀ ခန့်မှာ ရေဘေးသင့်နေသည့်အတွက် ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများလည်း အရေးပေါ် လိုအပ်လျက်ရှိသည်ဟု အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးရုံးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေရုံး (HDCO) က ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်က ထုတ်ပြန်ထားသည်။
#မိုးဆက်တိုက်ရွာသွန်းမှု #မင်းပြား #ရေနစ်မြှုပ် #ThanLwinKhetNews



