ခင်သရဖီဦး
ရခိုင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေများတွင် စစ်ကောင်စီ၏ ကုန်လမ်း၊ ရေလမ်း ပိတ်ဆို့မှုကြောင့် ရပ်နားထားခဲ့ရသည့် ငါး၊ ပုစွန်ဈေးကွက်မှာ ယခုနှစ် ဇွန်လမှ စ၍ အိန္ဒိယဘက်မှ ပြန်လည် ဝယ်ယူမှုများရှိလာသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ကုန်လမ်း၊ ရေလမ်းပိတ်ဆို့မှုများနှင့်အတူ ငါး၊ ပုစွန်ရောင်းဝယ်ရေး ဈေးကွက်မှာလည်း ရပ်တန့်သွားခြင်းဖြစ်ကာ လက်ရှိတွင် အိန္ဒိယ မီဇိုရမ်ဘက်သို့ ပြန်လည် တင်ပို့နေသည့်အတွက် ယခုကဲ့သို့ ဈေးကွက်ရှိလာနေခြင်းဖြစ်သည်ဟု ရောင်းချသူများထံမှသိရသည်။
”အခုကတော့ ရခိုင်ဘက်ကနေ မီဇိုရမ်ဘက်ကို တင်သွင်းတာပေါ့လေ။ စရိတ်စခကတော့ နည်းနည်းများတယ်။ အဆင့်ဆင့် သွားရတာဆိုတော့၊ အမြတ်ကတော့ အများကြီး ကျန်တယ်လို့လည်း မဟုတ်ပါဘူး” ဟု ပေါက်တောမြို့နယ်မှ အသက် ၄၆ နှစ်အရွယ် ပုစွန်ဒိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။ ပုစွန်အပြင် ငါးနှင့် ဂဏန်းတို့ကိုလည်း ဝယ်ယူမှုများ ရှိနေသည်ဟု သိရသည်။
အထူးသဖြင့် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် ပေါက်တောဒေသမှ ထွက်ရှိသည့် ပုစွန်၊ ငါးနှင့် ဂဏန်းများကို ဝယ်ယူ၍ အိန္ဒိယသို့ တင်ပို့နေကြခြင်း ဖြစ်သည်။ ယခင်က ပင်လယ်ပုစွန်များအား ဝယ်ယူရာတွင် အမျိုးအစားအလိုက်အပြင် အရွယ်အစားနှင့် ဈေးနူန်းကိုလည်း သတ်မှတ်ထားကာ လက်ရှိတွင် ထိုသို့ သတ်မှတ်ထားခြင်းမဟုတ်ဘဲ တိုက်ဂါးပုစွန်အမျိုးအစားများကို အကောင်၊ အရွယ်အစား မခွဲခြားတော့ဘဲ ဈေးနှုန်းတပြေးညီ သတ်မှတ်ကာ ဝယ်ယူနေခြင်းဖြစ်သည်ဟု ရောင်းချသူများထံမှ သိရသည်။
မြေပုံမှ တာ (ပုစွန်ကန်၊ ဂဏန်းကန်) လုပ်ငန်းရှင်တစ်ဦးက ”အရင်ကလို အရွယ်အစား ခွဲပြီးတော့ မဝယ်တော့ဘူး။ အကုန်လုံးကို ဈေးတစ်ခု သတ်မှတ်ထားတာပါ။ အရင်ကလို ပုစွန်ရောင်းလို့ မရတော့ဘူးဆိုတာနဲ့ စာရင် အခုက ပိုကောင်းတာပေါ့လေ” ဟု ဆိုသည်။
ယင်း ပင်လယ်ပုစွန်များကို ယခင်က အမျိုးအစားလိုက် ခွဲခြားပြီး တစ်ပိဿာကို ငွေကျပ် ၂၇၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိ ဈေးနူန်းခွဲခြားပြီး ဝယ်ယူမှုရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာဈေး ၃၀၀၀၀ ကျပ်ဖြင့် ဝယ်ယူနေခြင်းဖြစ်သည်။