ဘုန်းမောင်
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ရှည်လျားတဲ့ သက်တမ်းရှိပြီဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြသလို နှစ်နိုင်ငံကြားမှာလည်း ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ဆက်စပ်မှုများစွာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နှစ်နိုင်ငံကြားက နယ်နိမိတ်၊ သမိုင်းဝင်အဆောက်အဦနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပဋိပက္ခတွေလည်း ထပ်ခါတလဲလဲ ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့်တော့ ဖရာ့ဝိဟာ – Preah Vihear ဟိန္ဒူဘုရား ကျောင်းပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေက ထိုင်း – ကမ္ဘောဒီးယား ပဋိပက္ခတလျှောက်မှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
သမိုင်းနောက်ခံ
၁၉ ရာစုနှောင်းပိုင်းအထိ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်တွေ မရှိသေးဘူးလို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အဲဒီကာလတွေမှာ ပြင်သစ်က ကမ္ဘောဒီးယားနိုင်ငံကို ကိုလိုနီပြု အုပ်ချုပ်နေချိန်လည်းဖြစ်ပါတယ်။ အရှေ့တောင်အာရှကို ဥရောပနိုင်ငံတွေက ကိုလိုနီပြုနယ်ချဲ့ခဲ့ကြတဲ့ ၁၅၁၁ – ၁၉၅၇ ခုနှစ်အတွင်း ဆီယမ်လို့ ခေါ်တဲ့ ထိုင်းတစ်နိုင်ငံတည်းသာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် တည်ရှိခဲ့ပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ ကုန်းမြေနယ်နိမိတ် ၈၁၇ ကီလိုမီတာ ခွဲဝေပိုင်ဆိုင်ထားကြပေမယ့် နယ်စပ်ဒေသမြေပုံအများစုကိုတော့ ပြင်သစ်ကိုလိုနီနယ်ချဲ့တွေက ကမ္ဘောဒီးယားကို သိမ်းပိုက်ထားတဲ့ ၁၈၆၃ – ၁၉၅၃ ခုနှစ်တွေအတွင်း ရေးဆွဲခဲ့တာပါ။
ကမ္ဘောဒီးယားနိုင်ငံကို ကိုလိုနီပြုထားတဲ့ ပြင်သစ်တွေက ၁၉၀၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ မြေပုံက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြား သဘာဝရေဝေရေလဲဒေသမျဉ်းတွေအတိုင်း လိုက်နာဖို့ဖြစ်ပါတယ်။ အဲဒီမြေပုံဟာ နယ်စပ်ဒေသတချို့ကို ကမ္ဘောဒီးယားနိုင်ငံဘက်က တောင်းဆိုမှုအပေါ် အခြေခံပြီး ရေးဆွဲခဲ့တယ်ဆိုပေမယ့် ထိုင်းနိုင်ငံဘက်ကတော့ ကန့်ကွက်ခဲ့ပါတယ်။ ပြင်သစ်တွေ ရေးဆွဲခဲ့တဲ့ မြေပုံအရ ဖရာ့ဝိဟာဘုရားကျောင်းလည်း ကမ္ဘောဒီးယားအုပ်ချုပ်မှုအောက် ရောက်ရှိသွားခဲ့ပါတော့တယ်။
နှစ်ပေါင်း ၁၀၀ ကျော်က ရာဇဝင်ကြွေး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ပြင်သစ်တွေ ရေးဆွဲခဲ့တဲ့ မြေပုံတစ်ချပ်ကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံ တို့ဟာ လက်ရှိအချိန်အထိ နယ်မြေတချို့နဲ့ ဘုရားကျောင်းတချို့ကို သူပိုင်တယ်၊ ငါပိုင်တယ် ငြင်းခုံလာကြရာကနေ စစ်ပွဲတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားခဲ့ကြပါတယ်။ စစ်မက်မဖြစ်အောင် နှစ်နိုင်ငံစလုံးက သံတမန်နည်းလမ်းတွေနဲ့ ကြိုးပမ်းခဲ့ကြပေမယ့် အောင်မြင်မှုနည်းပါးခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ်ပြဿနာကို ဖြေရှင်းပေးဖို့ ၁၉၆၂ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံတကာတရားရုံး – ICJ ကို တင်သွင်းခဲ့ပြီး ဖရာ့ဝိဟာဟိန္ဒူဘုရားကျောင်းပိုင်ဆိုင်မှုနဲ့ ဘုရားကျောင်းတဝိုက်က မြေကို ကမ္ဘောဒီးယားနိုင်ငံက ပိုင်ဆိုင်တယ်လို့ ICJ က ဆုံးဖြတ်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက လက်ခံခဲ့ပေမယ့် နယ်စပ်ဒေသတွေမှာတော့ အငြင်းပွားမှုတွေက ဆက်ပြီးရှိနေခဲ့ပါတယ်။
၂၀၀၈ နဲ့ ၂၀၁၁ အရေးအခင်းများ
၂၀၀၈ ခုနှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံက ဖရာ့ဝိဟာဘုရားကျောင်းကို UNESCO ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းခဲ့ချိန်ကစပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုပြီးကြီးမားလာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး နှစ်နိုင်ငံ အငြင်းပွားမှုတွေကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေမှာ လူပေါင်း ၂၈ ယောက် သေဆုံးခဲ့ပါတယ်။ အပြင်းထန်ဆုံး ပဋိပက္ခကာလတွေက ၂၀၁၁ ခုနှစ်ဖြစ်ပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။
၇ ရက်ကြာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သားထောင်ပေါင်း များစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံကြားပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာပဲ အဲဒီဒေသတွေမှာရှိတဲ့ နှစ်ဖက်တပ်တွေ ရုတ်သိမ်းဖို့ ကုလသမဂ္ဂတရားရုံးက ကြေညာခဲ့ပြီး စစ်မဲ့ဇုန်တစ်ခု ထူထောင်ဖို့ အမိန့်ချမှတ်ခဲ့ပေမယ့် အငြင်းပွားနယ်မြေကို ဘယ်သူက ထိန်းချုပ်မလဲဆိုတာကိုတော့ တရားရုံးက မဆုံးဖြတ်ပေးနိုင်ခဲ့ပါဘူး။
၂၀၁၃ အိုင်စီဂျေဆုံးဖြတ်ချက်
၂၀၁၁ ခုနှစ် ဧပြီလမှာတော့ နှစ်နိုင်ငံကြား ပဋိပက္ခက အမြင့်ဆုံးအခြေအနေအထိ ရောက်ခဲ့ပြီး လူပေါင်း ၃၆,၀၀၀ နေရပ်စွန့်ခွာခဲ့ကြရပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘောဒီးယားနိုင်ငံက ICJ အနေနဲ့ ၁၉၆၂ ခုနှစ် ဆုံးဖြတ်ချက်ကို အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ထပ် ၂ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာတော့ ကုလသမဂ္ဂ အဆင့်မြင့်တရားရုံးက ထိုင်း – ကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ် ရှေးဟောင်းဘုရားကျောင်းကြီး ရှိတဲ့ နယ်နိမိတ်တဝိုက်ဟာ ကမ္ဘောဒီးယားနိုင်ငံပိုင်နယ်မြေဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးရဲ့ ဝန်ကြီးချုပ်တွေက တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါမယ်လို့ ပြောဆိုခဲ့ကြပေမယ့် တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ အကြမ်းဖက်မှုနဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်လာနိုင်ခြေရှိတဲ့အပေါ် စိုးရိမ်မိကြောင်း နှစ်နိုင်ငံစလုံးမှာ ရှိတဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုခဲ့ကြပါတယ်။
ဘုရားကျောင်းဟာ ကမ္ဘောဒီးယားအပိုင်ဖြစ်တယ်ဆိုတာကို ထိုင်းတွေက အသိအမှတ်ပြုပေမယ့် ဘုရားကျောင်းတဝိုက်နဲ့ ဘုရားကျောင်းသွားတဲ့ အဓိကလမ်းဟာ ထိုင်းပိုင်နယ်မြေဖြစ်တယ်လို့ ထိုင်းတွေက ပြောဆိုခဲ့ကြပါတယ်။
၁၉၀၇ ခုနှစ်တုန်းက ပြင်သစ်တွေ ရေးဆွဲခဲ့တဲ့ မြေပုံကို အဓိကကိုးကားပြီး ဖရာ့ဝိဟာနယ်မြေကို သူတို့သာ ပိုင်ဆိုင်ကြောင်း ကမ္ဘောဒီးယားက တလျှောက်လုံး ပြောဆိုလာခဲ့ပေမယ့် ထိုင်းနိုင်ငံဘက်ကတော့ ပြင်သစ်ရဲ့ မြေပုံကို လုံးဝလက်မခံနိုင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။
၂၀၂၅ ပြဿနာတွေရဲ့အစ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တချို့နဲ့ သူတို့ မိသားစုဝင်တွေဟာ နှစ်နိုင်ငံ အငြင်းပွားနယ်မြေဖြစ်တဲ့ ဖရာ့ဝိဟာထဲ ဝင်ရောက်လာခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပါတယ်။ လက်ရှိပြဿနာတွေရဲ့ အစက အဲဒီကလို့ ဆိုရပါလိမ့်မယ်။
ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းက စတင်ခဲ့တဲ့ ပစ်ခတ်မှုတွေကို ဘယ်သူက အရင်စတာလဲဆိုတာနဲ့ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် စွပ်စွဲနေကြတုန်းပါ။ ဒုတိယနေ့ဖြစ်တဲ့ ဇူလိုင်လ ၂၅ ရက်မှာလည်း နှစ်နိုင်ငံကြား စစ်ပွဲတွေက ရပ်တန့်မသွားဘဲ ပိုပြီးအရှိန်မြင့်လာခဲ့ပါတယ်။ နယ်စပ် ၁၂ နေရာမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေက ပြင်းထန်နေပြီး ထိုင်းနိုင်ငံဘက်က ၁၆ ဦး သေဆုံးခဲ့ပြီးဖြစ်သလို ထိုင်းပြည်သူ ၁၀၀,၀၀၀ ကျော် စစ်ရှောင်နေကြရပါတယ်။ ထိုင်းစစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ကမ္ဘောဒီးယားဘက်က အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္ဘောဒီးယားအရာရှိတွေက ပြောဆိုထားပါတယ်။
နှစ်နိုင်ငံစစ်အင်အားကွာခြားချက်
နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ စစ်တိုက်ဖို့ အသင့်ဖြစ်နေတဲ့ စစ်အင်အား ၃၆၀,၀၀၀ ကျော်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံမှာတော့ ၁၂၀,၀၀၀ ကျော်သာရှိပါတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ စစ်အသုံးစရိတ်အများဆုံး သုံးနိုင်တဲ့ နိုင်ငံစာရင်းမှာ ပါဝင်ပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဒဿမ ၇ ဘီလီယံ အသုံးပြုထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကတော့ ၁ ဒဿမ ၃ ဘီလီယံသာ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ တင့်ကားပေါင်း ၄၀၀ ကျော်နဲ့ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်ပေါင်း ၁,၂၀၀ ကျော်နဲ့ လက်နက်ကြီးပေါင်း ၂၆,၀၀၀ ကျော်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံမှာတော့ တင့်ကား ၂၀၀ ကျော်နဲ့ လက်နက်ကြီး ၄၈၀ သာ ရှိနေပါတယ်။
လေတပ်အင်အားကို ကြည့်မယ်ဆိုရင်လည်း ထိုင်းနိုင်ငံမှာ အမေရိကန်ထုတ် F – 16 တွေရှိပေမယ့် ကမ္ဘောဒီးယားမှာတော့ တိုက်ခိုက်ရေးလေယာဉ်တွေမရှိဘဲ ရဟတ်ယာဉ်လောက်သာ ရှိထားပါတယ်။ အရှေ့တောင်အာရှရဲ့ စစ်တပ်အင်အားအရဆိုရင်လည်း ထိုင်းနိုင်ငံက အဆင့် ၃ နေရာမှာ ရှိနေပြီး ကမ္ဘောဒီးယားက အဆင့် ၈ နေရာမှာသာ ရှိနေပါတယ်။
ဘာတွေဆက်ဖြစ်လာမလဲ. . . . .?
ရာစုနှစ်နဲ့ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ နှစ်နိုင်ငံကြား နယ်မြေအငြင်းပွားမှုတွေကို အမြန်ဆုံး ဖြေရှင်းနိုင်မယ့်ပုံတော့ မပေါ်ပါဘူး။ နယ်စပ်ပဋိပက္ခက စစ်ပွဲဆီကိုပဲ ဦးတည်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြတဲ့အပြင် အမေရိကန်၊ တရုတ်၊ ဩစတြေးလျနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံတို့ရဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကမ်းလှမ်းချက်တွေကိုလည်း ထိုင်းနိုင်ငံက ပယ်ချခဲ့ပါတယ်။
ဒါကြောင့်လည်း နယ်စပ်တလျှောက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်လာနိုင်ပြီး ထိုင်းနိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနိုင်ပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း အမျိုးသားလုံခြုံမှုအပေါ် အကာအကွယ်ပေးရေးခေါင်းစဉ်နဲ့ စစ်တပ်ရဲ့ အာဏာကို တိုးချဲ့ဖို့ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘောဒီးယား ပြည်သူတွေအနေနဲ့လည်း စစ်ရေးပိုင်းအားနည်းတဲ့ အစိုးရအပေါ် အပြစ်ပုံချလာနိုင်သလို ၂၀၂၆ ခုနှစ်အတွင်း တပ်သားသစ်ခေါ်ယူရေး တိုးမြှင့်လာနိုင်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကြား နယ်စပ်ပြဿနာက သာမန်ပြဿနာတော့ မဟုတ်ပါဘူး။ နယ်နိမိတ် အငြင်းပွားမှုကစလို့ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စစ်ရေးနဲ့ နိုင်ငံတကာဥပဒေအထိ ကျယ်ပြန့်ပါတယ်။ နှစ်နိုင်ငံအကြား တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်ဖို့ဆိုတာကတော့ နိုင်ငံတကာဥပဒေကို လေးစားခြင်း၊ သမိုင်းဆိုင်ရာ နားလည်မှုနဲ့ နှစ်နိုင်ငံလူထုကြား ယုံကြည်မှုတည်ဆောက်ရေးက မရှိမဖြစ် လိုအပ်ပါလိမ့်မယ်။