ကရင်ပြည်နယ် မြဝတီ – ဝေါ်လေကားလမ်းမရှိ ဝေါ်လေဗျူဟာကုန်းစခန်းသို့ ဒရုန်းအသစ်တစ်စင်းကို စစ်ကောင်စီတပ်ဘက်မှ လေထီးဖြင့် လာချပေးခဲ့ရာ ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းဒရုန်းကို စစ်ကောင်စီတပ်က Y – 8 လေယာဥ်ဖြင့် လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။
“သူတို့ ချတဲ့ ဒရုန်းက ကျွန်တော်တို့ ပူးပေါင်းအဖွဲ့နဲ့ စကစ အဖွဲ့ကြားကို ကျတာ။ ကျွန်တော်တို့က ရသွားတာ။ အသစ်စက်စက်ပဲ။ တိုက်ခိုက်ရေးဒရုန်းအမျိုးအစား။ ကင်မရာရော ပါတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် Anti jamming System GPS ပါဝင်သည့် ဒရုန်းအမျိုးအစားဖြစ်သည်ဟု ဆိုသည်။
အခြား ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက “တန်ဖိုးအားဖြင့်တော့ တွက်မကြည့်ရသေးဘူး။ ဒါက ပုံမှန် ဒရုန်းမျိုးတော့ မဟုတ်ဘူး။ တကယ့် ဂျန်မာတွေကို ကျော်ဖြတ်နိုင်ဖို့ သေချာ အထူးပြုလုပ်ထားတဲ့ဟာမျိုးပေါ့နော်။ ဒီအပေါ်မှာ တပ်ထားတဲ့ လေးထောင့်အကွက်လေးတင် ဒေါ်လာ လေး၊ ငါးထောင်လောက် ရှိတယ်။ ဂျန်မာတွေကို ကျော်နိုင်ဖို့ သုံးထားတဲ့ ပစ္စည်းတန်ဖိုးတွေက ဒေါ်လာ တစ်သောင်းလောက် ရှိတယ်။ သာမန်ဒရုန်းထက် နှစ်ဆ၊ သုံးဆလောက်တော့ ဈေးကြီးတာပေါ့” ဟု ပြောသည်။
လက်ရှိအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဝေါ်လေဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မည်ကို စိုးရိမ်သောကြောင့် စစ်ကောင်စီဘက်မှ ပူးပေါင်းတပ်များရှိသည်ဟု ထင်သည့် နေရာများတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
မြဝတီ – ဝေါ်လေကားလမ်းမပေါ်တွင် စစ်ကောင်စီစခန်းကြီးဖြစ်သည့် ဝေါ်လေဗျူဟာနှင့် ထီးသဲလယ် ကာကင်းစခန်းသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။
ပုံစာ – စစ်ကောင်စီ လေယာဥ်ဖြင့် လာချသောဒရုန်းတစ်စင်းအား ပူးပေါင်းတပ်ဖွဲ့များရရှိသည့် မြင်ကွင်း 
