ခင်သရဖီဦး
ရခိုင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေ ဝေးလံခေါင်းဖျား နေရာများမှ စစ်ဘေးရှောင် ကျောင်းသားငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ကမ်ပိန်းတစ်ခုကို ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ဦးဆောင် ပြုလုပ်နေသည်ဟု သိရသည်။ အဆိုပါကမ်ပိန်းအား မျိုးဆက်သစ်ကမ်ပိန်းဟု အမည်ပေးထားကာ ဇူလိုင်လ ၈ ရက်မှ ဩဂုတ်လ ၈ ရက်အထိ တစ်လတာ ပြုလုပ်ထားခြင်းဖြစ်သည်။
ဝေးလံခေါင်ဖျားသည့် နေရာမှ မူလတန်းနှင့် အလယ်တန်းကျောင်းသား စစ်ဘေးရှောင်ကလေးငယ် ၃၀၀ ခန့်အား စာသင်နိုင်ရေးအတွင် ရှေးရူပြီး မျိုးဆက်သစ်ကမ်ပိန်းကို ပြုလုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။ ကမ်ပိန်းမှ လက်ရှိတွင် ၁၃ ရာခိုင်နူန်းသာ အလှူငွေ ရရှိထားသေးသည်ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ၏ ကျောင်းသားရေးရာကော်မတီ တာဝန်ခံ ကိုအောင်ဗြားခိုင်ကဆိုသည်။
“စစ်ဘေးရှောင်ကျောင်းသားများအား အဓိက ရည်ရွယ်ပြီး ကျွန်တော်တို့ ကမ်ပိန်းကို သိန်း ၃၀၀ လောက် ဦးတည်ထားပြီးတော့ လုပ်နေတာဖြစ်ပါတယ်။ အဓိကက ဒေသခံ မတတ်နိုင်တဲ့ ကျောင်းသားတွေကိုလည်း သင်ကြားနိုင်အောင်အတွက် အလှူငွေ ကောက်ခံခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အလှူငွေရရှိမှု နည်းပါးသော်လည်း ကမ်ပိန်း ရရှိထားသည့် ငွေဖြင့် စတင်နေပြီဟုဖြစ်လည်း ကိုအောင်ဗြာခိုင်က ဆိုသည်။ “အလှူငွေကောက်ခံတာကတော့ ကျွန်တော်တို့မှာက ၁၅ ရက်လောက်တော့ ရှိပါပြီ။ နောက်ထပ်လည်း ၁၅ ရက်၊ ၁၆ ရက်လောက်သာ ကျန်ရှိနေတဲ့အတွက် အလှူငွေသာ မပြည့်ခဲ့ရင်တော့ ကျနော်တို့ နောက်ထပ် ကမ်းပိန်းကို တစ်လတိုးမြှင့်ဖို့ ရှိပါတယ်။ တစ်လ ထပ်တိုးထားပေမဲ့ လက်ရှိမှာတော့ ရရင်ရသလောက်နဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါပြီ။ အကောင်အထည်လည်း ဖော်နေပါတယ်” ဟု ၎င်းက ဆိုသည်။
အလှူငွေများမှာ နေရာစုံမှ ကောက်ယူနေခြင်းဖြစ်ကာ ပြည်မဘက်နှင့် ပြည်တွင်းထဲကလည်း ရရှိနေပြီး နိုင်ငံခြားမှ ကောက်ခံမှု အားနည်းနေသည်ဟု သိရသည်။ ကိုအောင်ဗြားခိုင်က “အခုလက်ရှိ ကမ်ပိန်းကတော့ ကျောင်းသားရေးရာကော်မတီကနေပြီးတော့ ကျောင်း နှစ်ကျောင်း၊ သုံးကျောင်း ဖွင့်ဖို့ ကြိုးစားနေတာပေါ့။ နောက်ထပ် ကျောင်းတွေကိုလည်း ဖွင့်ဖို့ ရှိတယ်။ ဒီကမ်ပိန်းကနေ တခြားကမ်ပိန်းတွေကလည်း ပါမယ်ပေါ့နော်။ နောက်ထပ် ကျောင်းတွေကို ထုတ်ပြနိုင်တဲ့အချိန်မှာ နိုင်ငံတကာကို ရောက်ရှိနေတဲ့ လူထုကို အသိပေးချင်ပါတယ်” ဟု ပြောသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် ယင်းကမ်ပိန်အား ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အလှူရှင်များလည်း လိုအပ်လျက်ရှိနေခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေများတွင် ပညာသင်ကြားရေးအတွက် စာသင်ကျောင်းများတွင် မသင်ကြားနိုင်ဘဲ အိမ်ကျောင်းများ ပြုလုပ်ပြီး အာရက္ခပြည်သူအစိုးရ၏ ပညာရေးဌာနက ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။
သို့သော်လည်း ကျောင်းလခများမှာ မြင့်တက်နေသောကြောင့် တချို့ ဆင်းရဲနွမ်းပါးသည့် ဒေသခံများနှင့် နေရပ်မပြန်နိုင်သေးဘဲ အလုပ်အကိုင်မရှိသော စစ်ဘေးရှောင်များအနေဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းလခ ဈေးကြီးခြင်း၊ စာရေးကိရိယာ ဈေးနူန်းမြင့်တက်နေခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။