မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိ ကျေးရွာများကို ယခုရက်ပိုင်းအတွင်း စစ်တပ်က မြေပြင်စစ်ကြောင်းများ ခွဲကာ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ဟု သိရသည်။
လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ဇူလိုင် ၂၂ ရက် နေ့လည် ၁ နာရီခန့်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၈ မှ ဝင်ရောက်လာသော အင်အား ၁၈၀ ပါ စစ်ကောင်စီစစ်ကြောင်းသည် မလှိုင်မြို့နယ်၊ အောင်သာကျေးရွာ၊ စည်ကြီးဆွဲဘုရားတွင် ဝင်ရောက်တပ်စွဲရာ အောင်သာရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်စွဲထားသည့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အောင်သာရွာအနီး လက်စွေ့ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ပြည်သူ သုံးဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
ထို့အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းမှ ဒေသခံ နေအိမ် သုံးလုံး မီးလောင်ပျက်စီးခဲ့သေးသည်ဟု သိရသည်။ “လက်နက်ကြီးထိလို့ မီးလောင်တဲ့ အိမ်တွေကိုတော့ တော်လှန်ရေးရဲဘော်တွေက မီးငြှိမ်းပေးသွားတယ်။ အခုလောလောဆယ်တော့ စစ်တပ်က လက်စွေ့ရွာထဲမှာ တပ်စွဲထားတယ်။ ရွာထဲက လူနေအိမ်တွေ ဖျက်ဆီးတယ်။ ကြက်တွေ၊ဝက်တွေ သတ်စားတယ်။ ဆန်အိတ်၊ နှမ်းအိတ်တွေ ယူတယ်။တစ်ရွာလုံး ရှောင်နေရတယ်” ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။
အမြန်လမ်းမိုင်တိုင် ၃၁၈ အနီးတွင် ရဲကားတိုက်ခိုက်ခံရပြီးနောက်ပိုင်း မလှိုင်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် စစ်ကောင်စီလော်ဘီများကလည်း ဆက်တိုက် လှုံ့ဆော်လျက်ရှိနေသည်။