ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်သည် စစ်ကောင်စီ၏ နှိပ်စက်ဒဏ်ရာများကြောင့် ထောင်ဒဏ်ကျခံရအပြီး ၄ နှစ်အကြာ ဇူလိုင် ၁၉ ရက် ညတွင် ကျဆုံးခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။
အာဏာသိမ်းချိန်တွင် သမဂ္ဂတပ်ဦးအလံကိုင်စွဲကာ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သည့်သတ္တဗေဒ-ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရပြီး သုံးလအတွင်းတွင် လေဖြန်းခဲ့သည့်အပြင် စတင်ဖမ်းဆီးချိန် စစ်ကြောရေးတွင် စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့်လည်း ဦးနှောက် အကြိတ်တည်ကာ နှလုံးရပ်သွားခြင်း၊ သတိလစ်ခြင်း ဝေဒနာများကို မကြာခဏဆိုသလို အကျဉ်းထောင်အတွင်း ခံစားခဲ့ရသည်ဟု သိရသည်။
အကျဉ်းထောင်အတွင်း ဆေးကုသခွင့် အလုံအလောက်မရခြင်း၊ ဆေးဝါးမစုံလင်ခြင်းအပြင် မိသားစုနှင့် အဆက်အသွယ်လုပ်ခွင့် ကန့်သတ်ခြင်းတို့ကြောင့် မဝတ်ရည်အောင်သည် အသက် ၂၅ နှစ်အရွယ်တွင် အင်းစိန်ထောင်၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။
မတရား နှိပ်စက်မှုဒဏ်များကြောင့် မဝတ်ရည်အောင် ဆေးကုသခွင့်မရဘဲ စိုးရိမ်ရသည့် ကျန်းမာရေးဆိုးရွားမှုအခြေအနေကို ထောင်ဒဏ် စကျခံချိန်မှစပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအပါအဝင် သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ယခုကဲ့သို့ ဆုံးပါးခဲ့ရခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။ ထို့နောက် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြန်လည်ခေါ်ဆောင်၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်တွင် အကြမ်းဖက်ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ် ထပ်မံချခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – နိုင်ငံရေးအကျဉ်းသူတစ်ဦး အရေးပေါ်ဆေးဝါးကုသမှုခံယူရချိန် သံခြေကျင်းခတ်ခံထားရစဉ် (ဓာတ်ပုံ- PPNM)
#ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ #နိုင်ကျဉ်း #မဝတ်ရည်အောင် #ကျဆုံး #ThanLwinKhetNews