ခင်သရဖီဦး
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို ယမန့်နေ့က စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အဖွားအို တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ဇူလိူင်လ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် နတ်ရေကန်ဗျူဟာကုန်းမှ ဒရုန်းဖြင့် ဗုံး နှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၀ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
”ဒရုန်းကတော့ ၁၀ မိနစ်ဝန်းကျင်လောက် ဝဲပြီးတော့ ပစ်တယ်လို့ သိရပါတယ်။ ဒရုန်း နှစ်ကြိမ် ချတာပါ။ နှစ်ဦး ထိသွားတာပေါ့။ တစ်ဦးက သေသွားတယ်။ နောက်တစ်ဦးကတော့ လက်မောင်းမှာ ဖောက်ထွက်သွားတယ်။ ဒရုန်းဗုံးကျသွားတာ။ နေအိမ် နှစ်လုံးကလည်း ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသွားသူမှာ အသက် ၈၈ နှစ်အရွယ် အဖွားအိုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးဖြစ်သည်။ လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသွားသော အမျိုးသမီးမှာ နီးစပ်ရာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
”ဒဏ်ရာက လက်မောင်းမှာ ရသွားပါတယ်။ လောလောဆယ်ကတော့ နီးစပ်တဲ့ ဆေးခန်းမှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု ဒေသခံအမျိုးသားက ဆိုသည်။
ယင်းကျေးရွာမှာ နတ်ရေကန်ကုန်း၏ မြောက်ဖက် ၃ ကီလိုမီတာအကွာတွင် ရှိပြီး အိမ်ခြေ ၆၀ ခန့်ရှိကာ ချင်းလူမျိုးများ နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်။
အဆိုပါ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းအား အာရက္ခတပ်တော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၁ ရက်မှ ၁၇ ရက် အထိ တစ်ပတ်အတွင်း အရပ်သားပြည်သူ ၆၂ ဦး သေဆုံးခဲ့ပြီး ၁၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ စာရင်းများအရ သိရသည်။