ခင်သရဖီဦး
ကျောက်ဖြူမြို့ အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့အကြား ယမန့်နေ့မှစပြီး ထိတွေ့တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု သိရသည်။
အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ”အခုကတော့ တိုက်ပွဲ ပြန်စနေတဲ့ သဘောပေါ့နော်။ နှစ်ဖက်အထိအတွေ့ကတော့ ရှိတာပေါ့။ ဒရုန်းကတော့ စစ်တပ်က နေသာရင် ပုံမှန်သုံးတာပါပဲ။ မိုးရွာရင် ရပ်ထားတယ်။ paramotor တွေလည်း အခုပိုသုံးလာတာရှိတယ်” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော် AA အနေဖြင့် အဆိုပါအမှတ် (၃၂) ရဲတပ်ရင်းအား ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်တွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ရဲတပ်ရင်းရှိ အဆောက်အဦးတချို့ ပျက်စီးသွားခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူတွင် ပြိုင်းစေ့ကေကျေးရွာအနီးရှိ အမှတ် (၃၂) ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ကပ်သပြေကာကင်းစခန်းတို့အနီးတွင် ထိတွေ့တိုက်ပွဲများ ဖြစ်နေခြင်းဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် ကျောက်ဖြူဒေသခံတစ်ဦးကလည်း ”ဓညဝတီရေတပ်နားမှာလည်း စစ်ကောင်စီက အင်အား အလုံးအရင်း ဖြည့်ထားတယ်။ အဲဒီဘက်မှာ ကားကင်း ၁၀ ခုလောက်တောင် ရှိတယ်လို့ သိရတယ်။ တပ်တော်ကတော့ အဲဒီအနားက ကပ်သပြေကာကင်းစခန်းကို ထိုးစစ်ဆင်နေတာရှိတယ်” ဟု ပြောသည်။
အေအေက ကျောက်ဖြူမြို့အား ယခုနှစ် မေလမှ စ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ သိမ်းပိုက်ရန် ကျန်ရှိနေသည့် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်တို့အားလည်း သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဖော်ဆောင်နေသည့် မြို့တစ်မြို့ဖြစ်သည်။ ကျောက်ဖြူမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့များကိုလည်း တရုတ်နိုင်ငံသို့ ဓါတ်ငွေ့ပိုက်လိုင်းများမှတဆင့် တင်ပို့လျက်ရှိသည်။
ထို့သို့ တရုတ်၏ အကျိုးစီးပွားများရှိသည့် ကျောက်ဖြူမြို့အား စစ်ကောင်စီကလည်း လက်လွတ်ဆုံးရှုံးမှု မဖြစ်စေရန် ခုခံနေခြင်းဖြစ်သည်။