သူရဇော်
မန္တလေးမြို့ မြောက်ဘက်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည် သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်များ ထိုးစစ်ဆင်နေပြီး သပိတ်ကျင်းမြို့အရှေ့ဘက် ၄ မိုင်အကွာထိ စစ်ကောင်စီ၏ ထိုးစစ် နီးကပ်လာနေသည်ဟု နယ်မြေသတင်းရင်းမြစ်များထံမှ သိရသည်။ ယခုလ ဇူလိုင် ၁၂ ရက်မှစ၍ စစ်ကောင်စီသည် မန္တလေးမြို့ မြောက်ဘက်ရှိ မတ္တရာနှင့် သပိတ်ကျင်းစသည့်ဒေသများကို စတင် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သော မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်ခြေလျင်စစ်ကြောင်းများနှင့် အပြင်းအထန် ထိုးစစ်ဆင်နေသည်ဟု ဒေသခံများမှပြောသည်။ “မတ္တရာအရှေ့ခြမ်း သပိတ်ကျင်း စဥ့်ကူးကတော့ နေ့တိုင်းပစ်ခံနေရတာပဲ။ ဒီမနက်ကို အိပ်ရာနိုးတော့ မတ္တရာအရှေ့ခြမ်းမှာ လေကြောင်းပစ်တာ ခုနစ်ကြိမ်ရှိပြီ ကိုးကြိမ်မြောက်ပြီးမှပဲ ပြန်တော့တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ၏ မြေပြင် ခြေလျင်စစ်ကြောင်းသည် သပိတ်ကျင်းမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်ရှိ လေးမိုင်ကံသာကျေးရွာအနီးသို့ရောက်ရှိနေပြီး နှစ်ဖက်တပ်များကြား တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံသတင်းအရင်းအမြစ်များကပြောသည်။ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် သိမ်းပိုက်ထားသည်။
၎င်းတို့တပ်ဖွဲ့များက မန္တလေးမြို့မြောက်ဘက်ရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းစသည့်ဒေသများ၏ မြို့နယ်ဧရိယာအများစုကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ သို့သော် သပိတ်ကျင်းမြို့၏ မြောက်ဘက်ရှိ တွင်းငယ်ရွာအနီးရှိ အမှတ် ၁၃ စစ်ကောင်စီတပ်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)၊ အရှေ့မြောက်ဘက် ၇ မိုင်ကျေးရွာရှိ အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းနှင့် ကျောက်ကြီးကျေးရွာရှိ လျှပ်စစ်အင်ဂျင်နီယာတပ်ရင်းစသည့် တပ်ရင်းများ ကျန်ရှိခဲ့သေးသည်။
၎င်းတပ်ရင်း သုံးခုအား စစ်ကောင်စီမှ စစ်အင်အား၊ ခဲ၊ ယမ်း၊ ရိက္ခာ ဖြည့်တင်း၍ မြေပြင်စစ်ကြောင်းများဖြင့် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ မြေပြင်စစ်ကြောင်းများအပြင် ယမန်နေ့ (ဇူလိုင် ၁၇) ရက်ကလည်း မန္တလေးမြို့မှ စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ငါးစီးနှင့်အတူ လူအင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများပါသော စစ်သင်္ဘော ခုနှစ်စီးတို့သည် မန္တလေးမြို့မှတဆင့် ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက်လာခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် စဉ့်ကူးမြို့အနီးသို့ ရောက်ရှိနေပြီး လက်နက်ကြီး၊ ပွင့်ဖိုက် (အင်အားပြင်း စက်သေနတ်) များဖြင့် ပစ်ခတ်လျက်ရှိသည်ဟု ဝက်လက်သတင်းအချက်အလက်ကွန်ရက်မှ ကိုနဂါးလေးက ပြောသည်။ “ထုံးကြီးကျေးရွာနားအောက်နား မရောက်ခင်မှာ သင်္ဘောပေါ်ကနေ စက်လက် (စက်သေနတ်)၊ ပွိုင့်ဖိုက်တွေနဲ့ ပစ်တယ်ဗျ။ သင်္ဘောစပြီး ဆန်တက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ် အပေါ်က Y-12 (ဗုံးကြဲလေယာဉ်၊ ကင်းထောက်ယာဉ်) ပတ်ပျံနေတယ်။ အခုလည်း ခေါင်းပေါ်ဝဲနေတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက တကြော့ပြန်ထိုးစစ်ဆင်လာခြင်း၊ လေကြောင်းမှတဆင့် နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စသည့်မြို့နယ်များမှ ဒေသခံများသည် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ “စကားထိုင်ပြောနေကြရင်း ခေါင်းပေါ်ရောက်မှ အသံကြားတာ ရေတွေထဲ ပြေးလိုက်ရပုံများ၊ ကပ်ကပ်လေးချည်း ပျံတာ ဒီကာလက ရေတိုးတဲ့ ရာသီတွေမို့လေ။ ဗုံးကျင်းတွေက ရေဝင်နေတော့ တိုးမရဘူး” ဟု မန္တလေးမြို့ မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
မန္တလေးမြို့မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတလျှောက်ရှိ ဒေသခံများနှင့် အထက်ပါ သုံးမြို့နယ်မှ ဒေသခံများသည် ထွက်ပြေးတိမ်ရှောင်နေကြရပြီး စစ်ရှောင်ဦးရေ တစ်ထောင်ဝန်းကျင် ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။
လက်ရှိတွင် မိုးရာသီဖြစ်သောကြောင့် စစ်ရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများလည်း လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။