တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေဖြင့် တောင်ခမ်း၊ နောင်ချိုတိုက်ပွဲ သင်ခန်းစာများအား အခြေခံ၍ နိုင်ငံရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းသင့်သည်ဟု ဥပဒေအထောက်အကူပြုကွန်ရက်မှ ယနေ့ ထုတ်ပြန်လိုက်သည်။
TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ပေါ် ရပ်ကွက်တွေအပါအဝင် အစိုးရရုံးအားလုံးကို စစ်ကောင်စီက ဇူလိုင် ၁၅ ရက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ပိုးလမ်းမကြီး ကုန်သွယ်ရေးစီမံကိန်းအား အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်က ရှမ်းပြည်နယ်မြောက်ပိုင်းတကြော မြောက်ပိုင်းညီနောင်သုံးဖွဲ့အား ဖိအားပေးပြီးနောက် ၂၀၂၄ ဒီဇင်ဘာတွင် တောင်ခမ်းဒေသ ထိုးစစ်အား TNLA က ရပ်ဆိုင်းခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်၍ တောင်ခမ်းမှ စစ်ကြောင်း နှစ်ကြောင်းနှင့် ပြင်ဦးလွင်မှ စစ်ကြောင်း တစ်ကြောင်းဖြင့် ပြန်လည် ထိုးစစ်ဆင်လာခဲ့ပြီး ခြောက်လအကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် TNLA အနေဖြင့် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များ၊ အခြားသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ပွဲဝင်မှု အားနည်းသွားခြင်း၊ ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေအား TNLA တစ်ဖွဲ့တည်းမှ အုပ်ချုပ်ခြင်း၊ ဒေသခံလူထု၏ ထောက်ခံမှုကို မရရှိခြင်းနှင့် စစ်ကောင်စီဘက်မှ သာလွန်သည့် လက်နက်နှင့် လူအင်အား အသုံးပြုနိုင်ခဲ့ခြင်းကြောင့် အဆိုပါ နယ်မြေများအား ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။
ထို့ကြောင့် TNLA အနေဖြင့် အဆိုပါ နယ်မြေများ ပြန်လည် ရရှိရေးအတွက် အခြားတိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အရေးများနှင့် သမိုင်းဆိုင်ရာ ဝိသေသလက္ခဏာများအား တရားဝင်အသိအမှတ်ပြုရန် လိုအပ်သည်ဟုလည်း ဥပဒေအထောက်အကူပြုကွန်ရက်မှ ထောက်ပြထားသည်။
အထူးသဖြင့် တအာင်းဒေသသည် လက်ရှိအချိန် ရှမ်းပြည်နယ်အတွင်းတွင်ပင် ရှိနေဆဲဖြစ်သောကြောင့် ၎င်းတို့ သိမ်းပိုက်ထားနိုင်သည့် နယ်မြေများနှင့် ပတ်သက်သည့် အုပ်ချုပ်ရေးအပိုင်းများအား ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေး၊ စစ်ရေးအင်အားစုများနှင့် ဆွေးနွေးတိုင်ပင်သင့်သည်ဟုလည်း ဆိုထားသည်။
ထို့အပြင် ကြားကာလ အသွင်းကူးပြောင်းရေးကာလတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် အတူ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများတွင်လည်း အထက်တွင် ထောက်ပြထားသည့် အချက်များအား ထည့်သွင်းပြဌာန်း ကျင့်သုံးသင့်သည်ဟု သုံးသပ်ထားသည်။
#TNLA #နိုင်ငံရေးလမ်းကြောင်းသစ် #ThanLwinKhetNews