တအာင်းတပ် – TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်လိုက်သည်ဟု မြေပြင်အခြေအနေ သိရှိသူများမှ သံလွင်ခက်ကို ပြောသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ယမန်နေ့ ဇူလိုင် ၁၅ ရက်တွင် နောင်ချိုမြို့၏ သုံးပုံ တစ်ပုံအား သိမ်းပိုက်ရရှိထားပြီဟု ဓာတ်ပုံများနှင့်တကွ ရေးသားထားသလို ယနေ့ ဇူလိုင် ၁၆ ရက် မနက်ခင်းပိုင်းတွင် စစ်ကောင်စီမှ တစ်မြို့လုံးနီးပါးကို ထိန်းချုပ်လိုက်သည်ဟု သိရသည်။
“နောင်ချို တစ်မြို့လုံးနီးပါးကို စစ်ကောင်စီက ပြန်ရသွားပြီ။ အခုလက်ရှိလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲ” ဟု TNLA နှင့် နီးစပ်သူ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
လက်ရှိအခြေနေတွင် နောင်ချိုမြို့တွင် စစ်ကောင်စီနှင့် TNLA တို့ကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး နောင်ချိုမြို့မဈေး၊ ရဲစခန်းနှင့် အစိုးရဌာနဆိုင်ရာရုံးစိုက်ရာ အဆောက်အအုံတချို့ကို စစ်ကောင်စီက သိမ်းယူထားသည်ဟု ၎င်းက ပြောသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးအား ဆက်သွယ်မေးမြန်ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်တွင်မူ နောင်ချိုမြို့အား တအာင်းတပ်- TNLA မှ ထိန်းချုပ်ထားဆဲဟု ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက သံလွင်ခက်သို့ ဖြေကြားထားသည်။ စစ်ကောင်စီသည် မေလ မှ စတင်၍ နောင်ချိုမြို့အားပြန်လည်ရရှိရန် နောင်လင်၊ ယာပြင်၊ တောင်လှနှင့် သရက်ချို စသည့် ဒေသများမှ တဆင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ စစ်ကောင်စီသည် နောင်ချို ဂုတ်တွင်း၊ ကျောက်ကြမ်း၊ ဘန့်ဘွေး၊ လုံဝယ်၊ ကျောက်တောနှင့် ဘန့်ဘွေးဒေသများမှတဆင့် နောင်ချိုမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နောင်ချိုမြို့အား စစ်ကောင်စီက အပြည့်အဝ ပြန်လည်ထိန်းချုပ်မည်ဆိုလျှင် TNLA နှင့် နောင်ချိုမြို့နယ်တွင် လှုပ်ရှားသော တော်လှန်ရေးတပ်များအတွက် နယ်မြေထိန်းချုပ်မှုနှင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ ထောက်ပို့လမ်းကြောင်း အပြောင်းအလဲများဖြစ်ပေါ်လာနိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ပြောဆိုသည်။
ထို့အပြင် လားရှိးမြို့နှင့် နောင်ချိုမြို့အကြားရှိ ကျောက်မဲ၊ သီပေါမြို့များကိုလည်း စစ်ကောင်စီက ထိုးစစ်ဆင်လာနိုင်သည်ဟု ဆိုသည်။ TNLA ၏ မဟာမိတ်ဖြစ်သော ကိုးကန့်တပ်- MNDAA သည်လည်း လားရှိုးမြို့ကို တရုတ်ဖိအားဖြင့် ပြန်လည်လက်လွှတ်ပေးထားရသည်။