ခင်သရဖီဦး
စစ်မူမထမ်းမနေရ ဥပဒေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းခံရသည့် စစ်မှုထမ်းများအနေဖြင့် ရှေ့တန်းစစ်မျက်နှာ၌ အခြေအနေရလျှင် ရသကဲ့သို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာနေကြသည်ဟု သိရသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အမ်း-ပဒါန်း စစ်မြေပြင်မှ အလင်းဝင်သူ ၃၀ ခန့်အထိရှိလာသည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင်လည်း အလင်းဝင်ရောက်လာသူ နှစ်ဦး ရှိခဲ့သည်။
၎င်းနှစ်ဦးမှာ တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်သားများ ဖြစ်ကြသည်။ တပ်သားတစ်ဦးဖြစ်သည့် ကိုအောင်သက်ထွန်းသည် ရန်ကုန်၊ လှိုင်မြို့နယ်မှ အတင်းအဓမ္မ ဆွဲခေါ်ခံခဲ့ရခြင်းဖြစ်ကာ ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရသည်ဟု ထွက်ဆိုသည်။
၎င်းက ”စစ်တပ်ထဲကို ကျနော်ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာတာ မဟုတ်ပါဘူး။ ညဘက် ဘော်ဒါအိမ်က ပြန်လာတဲ့အချိန်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ ပေါ်တာအဆွဲခံရတာပါ။ ရန်ကုန် စုဆောင်းရေးတပ်မှာ တစ်လကျော်ကျော် နေထိုင်ခဲ့ပါတယ်။ ကျနော်တို့ မွမ်းမံသင်တန်းမှာ ကျနော်လို့ ပေါ်တာဆွဲခံရတာများပါတယ်” ဟု ပြောသည်။
ထို့အပြင် စစ်မှုထမ်းများအနေဖြင့် ရှေ့တန်းတိုက်ပွဲများအတွင်းပြန်ဆုတ်လာသည့် အချိန်တွင်လည်း ပစ်သတ်ခံရမှုများ ရင်ဆိုင်ရသည်ဟု နောက်ထပ် အလင်းဝင်လာသူ တပ်သား နေလင်းအောင်က ထွက်ဆိုသည်။
“ကျနော်တို့ ပစ (ပြည်သူ့စစ်မှုထမ်း) တွေ တော်တော်များများက အရှေ့ဆုံးကို ပို့ခံရတာများပါတယ်။ ရှေ့မှာ ကျနော်တို့ အဖွဲ့သားတွေပဲ များပါတယ်။ ရှေ့တန်းမှာ ဖိအားများပြီးတော့ ကျနော်တို့ ပြန်ဆုတ်လာလို့ရှိရင် အရာရှိတော်တော်များများက ပြန်ပစ်သတ်တာ များပါတယ်။ ကျနော်တို့ ရှေ့မှာတင် ပစ်သတ်တာများတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ထွက်ပြေးပြီး မလွတ်မြောက်သည့် စစ်မှုထမ်းများမှာ မိမိပေါင်ကို မိမိပြန်ပစ်သည်ကို မြင်ပါက ဆေးကုသမှု မပေးဘဲ ပစ်ထားသည့်အတွက် အသက်သေဆုံးသူများလည်း ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။ ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခံနေရသည့် စစ်ကောင်စီ၏ တပ်သားစစ် သို့မဟုတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရလျှင် ရသလို၊ အခြေအနေပေးလျှင် ပေးသလို စစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများထံ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလာကြခြင်းဖြစ်သည်ဟု အာရက္ခတပ်တော် AA က ဆိုထားသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး အမျိုးမျိုး ညှန်းပန်းနှိက်စက်ခံနေရသော မြန်မာပြည်အနှံ့မှ လူငယ်များအနေဖြင့် အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းလိုပါက မိမိတို့ တပ်ရှိရာ မည်သည့် နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီးအလင်းဝင်လာသူတို့၏ အသက်နှင့် လုံခြုံမှုရရှိစေရေးကို အာရက္ခတပ်တော်မှ အာမခံသည်ဟုလည်း ဆိုထားသည်။
ပုံစာ – အလင်းဝင်လားသည့် တပ်သားများ