ရခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် ဟောင်းနွမ်းငွေများနှင့် အစွန့်အထင်းပါသည့် ငွေများကို မယူ၍ ဒေသခံများ အခက် ကြုံနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ဟောင်းနွမ်းငွေများနှင့် အစွန့်အထင်းပါသည့် ငွေများဖြစ်သည်ဟုဆိုကာ ကျပ် တစ်သောင်းတန်နှင့် ငါးထောင်တန်များကို ဈေးဝယ်ရာတွင် အသုံးပြုမရဖြစ်နေသည်ဟု အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
”အခုလို ကုန်ဈေးနူန်းကြီးနေတဲ့ ကာလမှာ ပိုက်ဆံဟောင်းတွေနဲ့ နည်းနည်းစုတ်ပြဲနေတဲ့ ပိုက်ဆံတွေပါလို့ရှိရင် မယူဘူးဆိုတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်။ ကိုယ့်ပိုက်ဆံနဲ့ သူများတွေဆီမှာ ခခယယ သွားပြီး ဝယ်နေရတယ်။ ယူမှ ယူပါ့မလားဆိုပြီးတော့ပေါ့လေ” ဟု ၎င်းက ပြောသည်။
ထိုပြဿနာများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ စတင်ကာ ရခိုင်ရှိ လွတ်မြောက်နယ်မြေများတွင် ဒေသခံများ ကြုံတွေ့ခဲ့ကြရပြီး လက်ရှိတွင် ပြန်လည် ဖြစ်ပွားနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ စတင်၍ အာရက္ခပြည်သူ့အစိုးရအနေဖြင့် အဆိုပါပြဿနာများကို ပြေလည်နိုင်စေရန် မြေပြင်တွင် လော်စပီကာများဖြင့် ပတ်ပြီး အလွန် စုတ်ပြဲနေသည့် ပိုက်ဆံများနှင့် တိတ်ကတ်အများအပြား အသုံးပြုထားသည့် ငွေစက္ကူမှ လွဲ၍ ကျန်ငွေများအား သုံးစွဲရမည်ဖြစ်ကြောင်း နှင့် ငွေမယူသူများကို အရေးယူသွားမည်ဟု တရားဝင်ပြောဆိုခဲ့သည်။
သို့သော် ယင်းပြောဆိုချက်များမှာ မြေပြင်တွင် အချိန်ကြာလာသည့်အခါ ပျောက်သွားသည့်အတွက် အရေးပေး ဆောင်ရွက်သင့်သည်ဟု မင်းပြားမြို့မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက အကြံပြုသည်။
၎င်းက ”အာရက္ခတပ်တော် AA က ဒေသန္တရအမိန့်တွေ ထုတ်တယ်။ တစ်ကြိမ်၊ နှစ်ကြိမ်။ ဒါပေမယ့် မြေပြင်မှာ ဘာမှ မထိရောက်ဘူး။ မြေပြင်မှာ မထိရောက်တဲ့အပြင် သူတို့ကို မေးကြည့်တဲ့အခါမှာ သူတို့ဆီက အဖြေမရဘူး။ အဓိက ဘဏ်မရှိဘူးဆိုတဲ့ အဖြေပဲ ထွက်လာတယ်။ AA မှာ ဘဏ်မရှိတာကိုလည်း ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် အရမ်းဆိုးရွားနေတဲ့ အခြေအနေကို အစိုးရတစ်ရပ်အနေနဲ့ နည်းနည်းပါးပါး ထိန်းညှိသင့်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဘဏ်လုပ်ငန်းများ ရပ်တန့်သွားခဲ့ပြီး ငွေစက္ကူ ပြန်လည် လဲလှယ်ရန် အခက်အခဲများ ကြုံတွေ့နေကြရခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ဈေးဝယ်ရာ၌ အသုံးပြု မရသည့် ငွေစက္ကူများကို ငွေကြေးတန်းဖိုးထက်ဝက်ခန့် ပေးပြီး လမ်းများတွင် ပတ်ဝယ်ယူနေမှုများလည်း ရှိနေသည်။