ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေ့ါမြို့ကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင် ၁၅ ရက် နေ့လယ် ၁၂:၅၀ နာရီအချိန်ခန့်တွင် မိုင်းငေါ့မြို့နှင့် နှစ်မိုင်သာ ကွာသည့် ပန်ပင့်တံတားကို ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “မိုင်းငေါ့မြို့အဝင်နားက ပန်ပင့်တံတားနားလေးကျတာ။ ပေါင် ၅၀၀ လားတော့ မသိဘူး။ နှစ်လုံး ကြဲသွားတာ။ ပြည်သူလူထုတော့ ထိခိုက်မှု မရှိဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများ စိုးရိမ်နေသောကြောင့် မိုင်းငေါ့-ကျောက်မဲလမ်းပေါ် သွားလာမှုမရှိသလောက် နည်းပါးနေသည်ဟုလည်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၅ ရက်နှင့် ၁၂ ရက်ကလည်း မိုင်းငေါ့မြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံး တစ်ကြိမ်စီ ကြဲချတိုက်ခိုက်ခဲ့ပါသေးသည်။
ထို့အပြင် ယမန်နေ့ ဇူလိုင် ၁၄ ရက် ညနေ ၅နာရီခွဲအချိန်ကလည်း သီပေါမြို့၊ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံအမျိုးသား နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် ဇွန်လကုန်ပိုင်းမှစပြီး ယနေ့အချိန်အထိ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြို့တို့အား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သောကြောင့် ဒေသခံ ၁၇ ဦး သေဆုံးသွားခဲ့ပြီး ၄၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ပုံစာ – မိုင်းငေါ့မြို့နယ် ဗုံးကြဲတိုက်ခိုက်ခံရပြီး မြင်ကွင်း (CJ)


