စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် နောင်ချိုမြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ယခုအချိန်အထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်ဟု TNLA ဘက်မှ ဆိုသည်။
တောင်ခမ်းဘက်မှ နောင်ချိုမြို့အထိ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲများ အပြင်းထန်ဆုံးအခြေအနေတွင် ရှိနေသော်လည်း လက်ရှိအချိန်အထိ နောင်ချိုမြို့အား တအာင်းတပ် TNLA မှ ခုခံကာကွယ်နေသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက သံလွင်ခက်ကိုပြောသည်။
“တိုက်ပွဲကတော့ အပြင်ထန်ဆုံးအခြေအနေလို့ ပြောလို့ရပါတယ်။ လတ်တလောမှာတော့ နောင်ချိုမြို့မှာ ကျွန်မတို့ တည်ရှိနေဆဲဖြစ်တယ်။ ဒီပတ်ပတ်လည်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
နောင်ချိုမြို့စွန်ရှိ ပါဟတ်ရပ်ကွက်နှင့် တောင်ရပ်ကွက်တို့အား စစ်ကောင်စီတပ်မှ ဇူလိုင် ၁၃ ရက် ညပိုင်းတွင် ထိန်းချုပ်ထားနိုင်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း သူ့အနေဖြင့် အတည်မပြုနိုင်သေးဟုလည်း ဆိုသည်။
ထို့အပြင် နောင်ချိုဂုတ်ထိပ်တံတားမှာလည်း စစ်ကောင်စီတပ်၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည်ဟု အတည်ပြုပြောသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီအနီးအနားမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အလျောက် စစ်ကောင်စီရဲ့ မိုင်းခွဲဖျက်ဆီးခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ပြည်သူလူထုအနေဖြင့်လည်း လက်ရှိ တိုက်ပွဲပြင်းထန်နေသည့်အတွက် ခရီးသွားလာခြင်းနှင့် ကုန်စည်ပစ္စည်းများ တင်ပို့သွားလာရာတွင် အထူးဂရုစိုက်သွားလာကြရန်လည်း သတိပေးထားသည်။
စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များကတော့ လက်ရှိတွင် နောင်ချိုမြို့တွင်းထဲ စစ်ကြောင်းများ ရှောက်ရှိထိန်းချုပ်နိုင်ပြီး ရက်ပိုင်းအတွင်း မြို့ကို အလုံးစုံသိမ်းပိုက်နိုင်တော့မည်ဟု ရေးသားဖြန့် ဝေနေကြသည်။
နောင်ချိုမြို့နယ် နေရာအများစုကို ၂၀၂၄ ခုနှစ် ဇူလိုင်လက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း TNLA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီက ပြန်လည် သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ပုံစာ – နောင်ချိုမြို့နယ်တွင်း တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ (သံလွင်ခက်)