ဇင့်မီလီ
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်း ကျေးရွာများရှိ နေအိမ်များတွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်များအတွက် ကောက်ခံသည့် အခွန်နှုန်းထားအား လျှော့ချပေးစေလိုသည်ဟု ဈေးဆိုင်ပိုင်ရှင်များက တောင်းဆိုကြသည်။ ဈေးဆိုင်ခွန်များကို ကောက်ခံရာတွင် ဆိုင်အမျိုးအစားအလိုက် ကောက်ခံခြင်းဖြစ်ကာ ကျေးရွာများရှိ အိမ်ဆိုင်များကိုလည်း ဆိုင်အမျိုးအစားအလိုက်ကြည့်ပြီး တစ်နှစ်စာ အခွန် တစ်သိန်းကျပ်မှ စတင်ပြီး အများဆုံး တစ်သိန်းနှစ်သောင်းကျပ်အထိ ကောက်သည်ဟု ဈေးဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ယင်းအခွန်မှာ အိမ်ဈေးဆိုင် ပိုင်ရှင်များအတွက် များပြားသည့် အခွန်နှုန်းထား ဖြစ်သောကြောင့် လျှော့ပေါ့စေလိုသည်ဟု ပေါက်တောမြို့နယ် ကျေးရွာတစ်ခုမှ အမည်မဖော်လိုသည့် အသက် ၄၅ နှစ်အရွယ် ဈေးဆိုင်သည် တစ်ဦးက ဆိုသည်။
၎င်းက ”တစ်နှစ်စာ ဈေးဆိုင်ခွန်ဆိုပြီး ကောက်တာရှိတယ်။ အဲဒါက ဆိုင်တစ်ဆိုင်ကို တစ်သိန်းကနေ ပစ္စည်းအများရှိတဲ့ ဆိုင်ကြီးတွေဆို တစ်သိန်းနှစ်သောင်းထိ ရှိပါတယ်။ ကျွန်တော်တို့ အိမ်ဆိုင်တွေက ပစ္စည်းတန်းဖိုး အများဆုံးရှိရင် သိန်း ၅၀၊ ၆၀ လောက်ပါပဲ။ ရွာတွေမှာ သိတဲ့အတိုင်းပဲ ဆိုင်တွေများတော့ ကိုယ့်ဆွေမျိုးတွေလောက်ပဲ မုန့်ဝယ်စားကြတာရှိတာပါ။ တစ်နှစ်စာ အခွန်ဆိုပြီး ကျနော်တို့ဆီက တစ်သိန်းအထိ အမှန်ဆို မပေးချင်ပါဘူး။ အများဆုံး ငါးသောင်းလောက်ပဲ ဖြစ်သင့်ပါတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ခရီးသွားလာစရိတ်နှင့် ကုန်သယ်ယူပို့ဆောင်ခ ဈေးနှုန်းများမှာလည်း မြင့်တက်နေသောကြောင့် ဆိုင်ပိုင်ရှင်များမှာ မြို့ပေါ်အထိ ဈေးမဝယ်နိုင်ဘဲ တစ်ဆင့်ခံ ကုန်ဖြန့်ဖြူးသူများထံမှ ပြန်လည် ဝယ်ယူနေရသည်။ ထို့ကြောင့် အမြတ်နည်းပြီး ဈေးရောင်းမကောင်းသည့် အခြေအနေတွင် ယင်းအခွန်မှာ ဈေးဆိုင်သည်များအတွက် ဝန်ပိကြောင်း ပေါက်တောမြို့နယ်အနီးက ကျေးရွာမှ အသက် ၃၀ အရွယ် ဈေးဆိုင်ရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။
”အခုက ဆိုင်တွေမှာ အရင်ကလည်း ပစ္စည်းစုံ မတင်နိုင်ဘူး။ပစ္စည်းမစုံဘူး။ ဆိုတော့ ရောင်းမကောင်းဘူး။ ဆိုင်ငယ်တွေဆိုတာက ပစ္စည်းစုံမှ ရောင်းကောင်းတာပါ။ အခုက လမ်းခရီးကလည်း ရေကြောင်းနဲ့ သွားလာရတာ။ စက်လှေစရိတ်ကလည်း ဈေးတက်တယ်။ ကျမတို့ မြို့တွေကို သွားမဝယ်နိုင်ဘူး။ မြို့ကို သွားတဲ့ တချို့ ဆိုင်ရှင်တွေဆီက တဆင့် ယူရတာ။ အဲဒါကို ဈေးအများကြီး တင်ရောင်းလို့လည်း မရဘူး။ အဲဒါမှာ အခွန်က တစ်သိန်းဆို ကျမတို့ အလုပ်က ဘာအမြတ်မှလည်း မကျန်တော့ဘူး” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော် AA က ထိန်းချုပ်သိမ်းပိုက်ထားသည့် နယ်မြေများတွင် အာရက္ခပြည်သူအစိုးရ အုပ်ချုပ်ရေးယတ္တရား လည်ပတ်နေပြီး အခွန်ကောက်ခံမှုများကို စတင်လုပ်ဆောင်နေသည်မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ စတင်လာခြင်းဖြစ်သည်။
လက်ရှိ အခွန်ကောက်ယူနေသည့် အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ သဘောထားအား သိရှိနိုင်ရန် သံလွင်ခက်အနေဖြင့် ကြိုးစားမေးမြန်းနေဆဲ ဖြစ်သည်။