အချဉ်ပေါင်းရောင်းသည့် အသက် ၄၀ အရွယ်အမျိုးသား တစ်ဦး လုံးခင်းဒေသ မှော်စီစာကျေးရွာ၊ ပန်းလှိုင် Mini Market ရှေ့၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယခုလ ဇူလိုင် ၂ ရက်တွင်လည်း ဖားကန့်မြို့၊ ဝင်းထွန်းသံဖြူဆိုင်ရှေ့ လမ်းမကြီးပေါ် တွင်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။
ဖားကန့်မြို့တွင် နေထိုင်သော ဒေသခံအမျိုးသားတစ်ဦးက “ကြာလာတော့လည်း ရိုးလာတယ်လေ။ ကိုယ်လည်း မဖြစ်အောင် ဆင်ခြင်သွားလာပြီးတော့ ကြည့်နေရတာ။ အခုက ဟိုဘက်ဖြစ်တယ်ဆို ဒီဘက်နေနေလိုက်၊ ဒီဘက်ဖြစ်ရင် ဟိုဘက်နေနေလိုက် အဲလိုပဲ နေနေရတယ်” ဟု အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ် ဖားကန့်နှင့် လုံးခင်းဒေသ၌ အမည်မသိ သေနတ်သမားများမှ ပစ်ခတ်မှုများကြောင့် တစ်လကျော်အတွင်း လူ ၁၃ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။ ထို့အပြင် တိုက်ပွဲများမှ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ဇွန်လမှ စ၍ ယနေ့အချိန်အထိ တစ်လကျော်အတွင်း ဖားကန့်ဒေသခံ အရပ်သား၂၉ ဦး သေဆုံးခဲ့ရသည်။
သေနတ်ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားသူများသည် ပစ်ခတ်ခံရသည့် အချိန်၊ နေရာများမတူညီသော်လည်း လုပ်ကြံခံရသည့် အခြေအနေများမှာ တူညီနေသည်ဟု ဖားကန့်အခြေစိုက်သတင်းထောက်တဦးဖြစ်သော ကိုတာလင်မောင်ကပြောသည်။ ၎င်းက “၁၃ ဦးလုံးက နေရာမတူ၊ အချိန်မတူပေမယ့် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးကြရတာပါ။ စစ်ပွဲကြားညှပ်တာ မိုင်းထိ ကျည်ထိမဟုတ်ပဲ ဒီအတိုင်းပစ်သတ်ခံရတာပါ။” ဟု ပြောသည်။
ယင်းတို့အအပြင် ပြီးခဲ့သည် ဇွန်လ အတွင်းတွင်လည်း ဖားကန်မြို့ပေါ်ရပ်ကွက်များ၊ စစ်ကောင်စီတပ်စွဲထားသော နေရာအနီးနားနှင့် လုံးခင်းကျေးရွာအုပ်စုရှိကျေးရွာများတွင် လက်သည်မပေါ်သည့် သေနတ်ပစ်ခတ်မှုများကြောင့် လူ ၁၁ ဦးသေဆုံးခဲသည်။ ဖားကန့်ဒေသ၌ စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကြားတွင် ပြီးခဲ့သည့် မေလ မှစတင်၍ နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာလျက်ရှိသလို တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
ထိုသို့ တိုက်ပွဲနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ၄၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူအများအပြားလည်း ရှိနေသည်။