စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ဇွန်လတစ်လတည်းတွင် အမျိုးသမီး ၃၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၉ ဦးရှိခဲ့သည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ထိမှန်ခြင်းကြောင့် သေဆုံးမှု အများဆုံး ဖြစ်သည်ဟုလည်း BWU အမျိုးသမီးမှတ်တမ်းနှင့် သုတေသန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လ တစ်လတည်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးအထိ ရှိခဲ့သည်။
ထို့အပြင် လက်နက်ကြီးကျသောကြောင့် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု BWU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူများထဲတွင် အသက် ၁၈ နှစ် မပြည့်သေးဘူး လေးဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးများထဲတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ အမျိုးသမီး တစ်ဦးပါဝင်သည်ဟု အဆိုပါ စာရင်းများ အရသိရသည်။
လက်ရှိ အချက်အလက်များသည် တိုင်းနှင့် ပြည်နယ် ၉ ခုမှ စာရင်းများဖြစ်ပြီး အင်တာနက် ဆက်သွယ်ရေး အခက်အခဲကြောင့် မကောက်ယူနိုင်သည့် အချက်အလက်များ ရှိနိုင်သည်ဟု ဆိုထားသည်။
ထိုသို့ သေဆုံးများထဲတွင် စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းတွင် ခုနစ်ဦး အထိ သေဆုံးခဲ့ပြီး အရေအတွက်လည်း အများဆုံးဖြစ်သည်။
ထို့အပြင် မန္တလေးတိုင်း၊ ကရင်ပြည်နည်နှင့် ရှမ်းပြည်နယ်တို့တွင် ငါးယောက်စီ သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်တွင် လေးဦး၊ ပဲခူးတိုင်းတွင် သုံးဦး၊ ကချင်ပြည်နယ်တွင် နှစ်ဦးနှင့် မွန်ပြည်နယ်တွင် တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် အာဏာစတင်သိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ စ၍ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုနှင့် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်ဟု BWU က မှတ်ချက်ပြုထားသည်။