တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ကျုံဒိုး – ကော့ကရိတ် အာရှလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ကျုံဒိုးမြို့ အခြေစိုက် အမှတ် (၅၄၅) ခြေမြန်တပ်ရင်း၊ အမှတ် (၅၄၆) ခြေမြန်တပ်ရင်းအပြင် ကော့ကရိတ်နှင့် ဂျိုင်းတံတားဘက်မှလည်း အရပ်သားများ နေထိုင်ရာ နေရာများသို့ လက်နက်ကြီးပစ်ခတ်မှုရှိသည်ဟု မြေပြင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
၎င်းက “သူတို့က ရွာသားတွေနေတဲ့ နေရာတွေကို အရောင်ပြပြီး လက်နက်ကြီးတွေ၊ မစ်ဇိုင်းတွေနဲ့ တော်လှန်ရေးတပ်တွေ အာရုံများအောင် ပစ်ခတ်ပြီး အာရှလမ်းပိုင်းကို ရအောင် ဖောက်ဖို့ လုပ်နေတာ” ဟု ဆိုသည်။ ယခုရက်သတ္တပတ်အတွင်း ကျုံဒိုးမြို့တွင် နေ့စဥ် ထိတွေ့တိုက်ပွဲပြင်းထန်ကာ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး KNU/KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက အဆိုပါ အာရှလမ်းရှိ နေရာ အချို့အား စိုးမိုးထားနိုင်သောကြောင့် စစ်ကောင်စီတပ်များသည် လိုအပ်သည့် ရိက္ခာ၊ဆေးဝါးများ သယ်ယူမရနိုင်သောကြောင့် ယခုကဲ့သို့ တာဝေးပစ်မစ်ဇိုင်းများ၊ ဒရုန်းတပ်ရင်း၊ အမြှောက်တပ်ရင်းများ စုပေါင်းပြီး ရှေ့ဆက်တိုးနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ကလည်း အဆိုပါ လမ်းတလျှောက်ရှိ ခုနစ်တိုင်ရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ၇ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလလယ်ပိုင်းတွင် စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးဖြင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် စခန်းနှင့် အာရှလမ်းပိုင်းများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ပုံစာ- ကျုံဒိုး-ကော့ကရိတ်-နဘူးလမ်းခွဲ (ပုံဟောင်း)