ကညာမွန်
လက်ရှိမိုးရာသီနှစ်လအတွင်း မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမြင့်တက်လာနေသည်ဟု ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။ ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၀၀၀ ကျော်အထိ ရှိခဲ့သည်ဟုလည်း မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၁၀၀၀ ဝန်းကျင်ရှိခဲ့ပြီး လက်ရှိမိုးရာသီကာလ နှစ်လအတွင်း ဖြစ်ပွားသည့် နှုန်းနှင့် ယှဥ်လျှင် တက်လာခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် တစ်ရက်လျှင် အနည်းဆုံး လူ ၆၀ ဦးထက်မနည်းရောဂါကူးစက်ခံနေရပြီစ ကူးစက်ခံရတဲ့သူများထဲတွင် နှစ်ဦး သေဆုံးခဲ့သည်ဟု ကျန်းမားရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။ “ဒီနှစ်သေးဆုံးမှုက နည်းတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်တယ်ပေါ့နော်။ ဝန်ထမ်းတွေလည်း အလုံအလောက်ရှိတော့ ကျန်းမာရေးဝန်ဆောင်မှုတော့ ပေးနိုင်တာပေါ့နော်။ ကာကွယ်ဆေးဆိုလည်း ထိုးပေးနိုင်တယ်။ စာသင်ကျောင်းတွေအားလုံးမှာလည်း ခြင်ဆေးတွေ မှုတ်ပေးနိုင်တယ်” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်အထိ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခြင်းနည်းသော်လည်း အထူးဂရုစိုက်ရမည့်အခြေအနေဖြစ်နေသည်ဟုလည်း ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။ အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့တွင်လည်း သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက် ၅ နှစ်အောက်ကလေး သေးဆုံးမှုများ ရှိနေသည်။
မိုးတွင်းကာလတွင် သွေးလွန်တုပ်ကွေးအပြင် ရာသီတုပ်ကွေးနှင့်လတ်တလော ကိုဗစ်ကူးစက်ပြန့်ပွားမှု ပြန်ရှိလာသည့်အတွက် ရောထွေးနေသည့် အခြေအနေတွင် အထူးသတိပြုရန် လိုအပ်ကြောင်းလည်း ကျန်းမာရေးဝန်ထမ်းများက သတိပေးထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်ရေသန့်တွင် ပေါက်ဖွားသည့် အေးဒီး(စ်)ခြင် ကိုက်ရာမှ ဖြစ်ပွားသောကြောင့် ကလေးသူငယ်များအပြင် လူကြီးများပါ ခြင်မကိုက်အောင် နေထိုင်ရန် လိုသလို ဖုံး၊ သွန်၊ လဲ၊ စစ်များကိုလည်း အမြဲလုပ်ရန် လိုအပ်သည်ဟု ဆရာဝန်များက တိုက်တွန်းထားသည်။