ရုရှားသည် ဒရုန်း ၇၀၀ ကျော် အသုံးပြု၍ ညတွင်းချင်း ယူကရိန်းကို ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောသည်။ အဆိုပါတိုက်ခိုက်မှုသည် သုံးနှစ်ကြာ စစ်ပွဲအတွင်း ရုရှားက လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နေချိန်တွင် နှစ်ပတ်အတွင်း ညစဉ် တိုက်ခိုက်မှုများထဲမှ တတိယအကြိမ်မြောက် အများဆုံးဖြစ်သည်ဟု သိရသည်။
ရုရှားသည် မကြာသေးမီက ယူကရိန်း၏ လေကြောင်းကာကွယ်ရေးကို ဖျက်ဆီးရန်အတွက် ဒရုန်းအရေအတွက် တိုးမြှင့်ပါဝင်သည့် အကြီးစားတိုက်ခိုက်မှုများကို စတင်ခဲ့သည်။ နောက်ဆုံးတိုက်ခိုက်မှုသည် ယူကရိန်းသို့ အနောက်နိုင်ငံများမှ မရှိမဖြစ်လိုအပ်သည့် လက်နက်ထောက်ပံ့မှုကို နှောင့်ယှက်ရန် ရည်ရွယ်ပုံရသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏ ပြောကြားချက်အရ ယူကရိန်းစစ်တပ်အသုံးပြုသည့် လေယာဉ်ကွင်းများရှိရာ လုစ်ခ် (Lutsk) မြို့ကို အပြင်းထန်ဆုံး ထိမှန်ခဲ့ပြီး လုစ်ခ်မြို့သည် အနောက်ယူကရိန်းရှိ ပိုလန်နယ်စပ်အနီးတွင် တည်ရှိကာ နိုင်ငံတကာစစ်ရေးအကူအညီများ လက်ခံရရှိရာ အရေးပါသော ဗဟိုချက်ဖြစ်သည်ဟု သိရသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ၎င်းတို့၏တပ်ဖွဲ့များသည် ယူကရိန်းလေတပ်စခန်းများကို ပစ်မှတ်ထားခဲ့ပြီး “သတ်မှတ်ထားသော ပစ်မှတ်များအားလုံးကို ထိမှန်ခဲ့သည်” ဟု ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းမှ ပစ်ခတ်သည့် ဒရုန်းများသည် ညတွင်းချင်း ရုရှားနိုင်ငံထဲသို့ ရောက်ရှိခဲ့ပြီး ကော့စ်ခ် (Kursk) နယ်စပ်ဒေသတွင် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံအုပ်ချုပ်ရေးမှူးက ပြောကြားချက်အရ သိရသည်။
ယခု ရုရှား၏ တိုက်ခိုက်မှုတွင် ဒရုန်း ၇၂၈ စီးနှင့် ပဲ့ထိန်းဒုံးကျည် ၁၃ စီး ပါဝင်ခဲ့ပြီး စစ်ပွဲတောက်လျှောက်အတွင်း တစ်ညတည်း အများဆုံး ဒရုန်းပစ်ခတ်မှု ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်သောကြာနေ့ကလည်း ရုရှားက ဒရုန်း ၅၅၀ စီး ပစ်ခတ်ခဲ့ပြီး ထိုပမာဏမှာ ယင်းအချိန်က အများဆုံး ဖြစ်ခဲ့သည်။
ယင်းမတိုင်မီ တစ်ပတ်အလိုက ဒရုန်း ၄၇၇ စီးဖြင့် ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ လုစ်ခ်အပြင် ဒေသ ၁၀ ခုကို တိုက်ခိုက်ခဲ့ရာ ခမယ်လ်နစ်စကီး (Khmelnytskyi) ဒေသတွင် လူတစ်ဦး သေဆုံးခဲ့ပြီး၊ ကီးယက်ဗ်ဒေသတွင် နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။