ခင်သရဖီဦး
မကွေးတိုင်း၊ ငဖဲမြို့နယ် ကျောက်ဆုံကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ ဇူလိုင်လ ၈ ရက်က မီးရှို့ခဲ့သည့်အတွက် ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
စစ်ကောင်စီ၏ မကွေးတိုင်းအခြေစိုက် အမြှောက်ကွပ်ကဲမှုဌာနချုပ်စခန်း မစခ (၉၀၅) တပ်နှင့် တပ်မ (၈၈) တို့မှ တပ်သား အင်းအား ၁၀၀ ခန့်က ယမန့်နေ ည ၅ နာရီခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး မီးရှို့ခဲ့သည်ဟု အသက် ၃၀ အရွယ် မကွေးတိုင်းဒေသခံတစ်ဦးက ပြောသည်။
”ကျောက်ဆုံရွာကို စစ်ကောင်စီတပ်သားတွေ ရွာကို ဝင်ပြီးတော့ မီးရှို့သွားပါတယ်။ လမ်းအတိုင်း လာတာမဟုတ်ဘဲ လယ်ကွင်းဘက်ကနေ ဖြတ်ဝင်လာပြီးတော့ မီးရှို့သွားတာပါ။ ဒေသခံတွေကတော့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးသွားတယ်။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ခေါ်ထုတ်ပြီးတော့ ဘေးလွတ်ရာကို ပို့နေရတယ်” ဟု ဆိုသည်။
မီးရှို့ခံရသည့် ကျောက်ဆုံကျေးရွာတွင် အိမ်ခြေ ၇၀ ခန့်ရှိပြီး လက်ရှိတွင် မီးရှို့ခံရသည့် နေအိမ် အရေးအတွက်အား အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။
”နေအိမ် တော်တော်များများ ပါသွားတယ်လို့ သိရတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ဆက်လက်ပြီး စုံစမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကျောက်ဆုံကျေးရွာတွင် လူဦးရေ ၃၅၀ ခန့်ရှိပြီး ချင်းလူမျိုးများနှင့် ဗမာလူမျိုးများ ရောနှော နေထိုင်ကြသည်။
လက်ရှိတွင် ကျောက်ဆုံ ကျေးရွာအား မီးရှို့သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းကျေးရွာအနီးရှိ ကန်ပေါက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝင်ရောက် နေရာယူထားသည်ဟု သိရသည်။
မကွေးတိုင်းအခြေစိုက် အမြှောက်ကွပ်ကဲမှုဌာနချုပ်စခန်း မစခ ၉၀၅ နားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထိုသို့ အနီးအနားရှိ ကျေးရွာများအား မီးရှို့နေခြင်းဖြစ်သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအား သေနတ်ဖြင့် ပစ်သတ်ခြင်း၊ စစ်ကြောင်းထိုးသည့်အခါ လူသားဒိုင်းအဖြစ် ခေါ်ယူခြင်း၊ မြို့ကြီးများတွင်ပင် အတင်းဓမ္မစစ်သားစုဆောင်းခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် ကျေးရွာများအား မီးရှို့ခြင်းများကို နေ့စဉ် လုပ်ဆောင်လျက် ရှိသည်။