ဂျပန်နိုင်ငံ၏ အစိုးရ ရုပ်သံထုတ်လွှင့်ရေး NHK သတင်းဌာန၏ ကုမ္ပဏီခွဲများဖြစ်သည့် ဂျပန်နိုင်ငံတကာရုပ်သံထုတ်လွှင့်မှုကော်ပိုရေးရှင်း (JIB) နှင့် ဂျပန်အစိုးရ-ပုဂ္ဂလိက ရန်ပုံငွေအဖွဲ့များဖြစ်သည့် Cool Japan Fund Inc. နှင့် JICT တို့သည် ရွှေသံလွင်မီဒီယာ (STLM) ၏ ပူးပေါင်းလုပ်ကိုင်ခြင်းအား ၂၀၂၄ ဒီဇင်ဘာတွင် အပြီးသတ် ရုပ်သိမ်းခဲ့သော်လည်း ပွင့်လင်းမြင်သာစွာ ရှင်းလင်းမှု မရှိဟု Justice for Myanmar က ဇူလိုင်လ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် ဂျပန်ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသည့် ကိစ္စအား ပွင့်လင်းမြင်သာစွာနှင့် လူ့အခွင့်အရေးစံနှုန်းများအား လေးစားလိုက်နာ၍ ရှင်းလင်းရန် ဂျပန်နှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
အဆိုပါ ဂျပန် ကုမ္ပဏီများသည် စစ်ကောင်စီနှင့် ရင်းနှီးသည့် ရွှေသံလွင်မီဒီယာ (STLM) ၏ ရုပ်သံလိုင်းဖြစ်သော MNTV အတွက် ထုတ်လွှင့်ရေးစက်ပစ္စည်းများ ပံ့ပိုးပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “JIB၊ Cool Japan Fund နဲ့ JICT တို့က မြန်မာနိုင်ငံကနေ သူတို့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေအတွက် မြန်မြန်ဆန်ဆန်၊ ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားဖို့၊ Dream Vision ကနေ သူတို့ထွက်ခွာရာမှာ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပါဝင်ခဲ့ခြင်းရှိမရှိ၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပံ့ပိုးကူညီတဲ့ ခရိုနီတွေအတွက် အကျိုးဖြစ်ထွန်းခဲ့ခြင်း ရှိမရှိ၊ ဘေးအန္တရာယ်လျော့ပါးသက်သာရေး အစီအစဉ်တွေ ရှိခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ခဲ့လဲ စတာတွေကို ရှင်းလင်းပြောကြားဖို့ လိုပါတယ်။
အဲဒီမေးခွန်းတွေကို ဖြေကြားဖို့ ပျက်ကွက်တာက လက်ခံနိုင်ဖွယ်မရှိတဲ့ ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့ အပေါ်မှာဖြစ်ဖြစ်၊ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေက သူတို့ လူ့အခွင့်အရေးတာဝန်ဝတ္တရားတွေကို လိုက်နာခဲ့ခြင်းရှိမရှိ အပေါ်မှာဖြစ်ဖြစ် ပိုပြီးနက်နဲတဲ့ စိုးရိမ်ပူပန်မှုကိုပဲ ဖြစ်စေခဲ့ပါတယ်” ဟု ပြောသည်။
ရွှေသံလွင်မီဒီယာသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာဖြစ်သည့် မြန်မာရုပ်မြင်သံကြား MRTV နှင့် ပူးပေါင်း၍ Myanmar International Television (MITV) အား ထုတ်လွှင့်လျက်ရှိသည်။
ထိုသို့ စစ်ကောင်စီပိုင် မီဒီယာနှင့် ပူးပေါင်း၍ ဝါဒဖြန့်မှုများ ဆက်လက်လုပ်ဆောင်နေသည့် ရွှေသံလွင်ကုမ္ပဏီအား ဂျပန်အစိုးရ ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများအား လွှဲပြောင်းပေးခြင်း ရှိမရှိကို အသေးစိတ် ရှင်းလင်းခြင်းမရှိသေးသောကြောင့် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရွှေသံလွင်မီဒီယာသည် စစ်ကောင်စီ၏ ဒေါက်တိုင် ဝါဒဖြန့် မီဒီယာတစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော အချက်အလက်ရှာဖွေရေးအစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။ ထို့အပြင် ရွှေသံလွင်မီဒီယာသည် ၂၀၁၇ ခုနှစ်က စစ်တပ်၏ ရိုဟင်ဂျာများအပေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် ပံ့ပိုးကူညီမှုများလည်း ရှိခဲ့သည်ဟုဆိုသည်။