မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်တွင် ထောင်ဒဏ်နှစ်ရှည် ကျခံနေရသည့် အသက် ၅၉ နှစ် အရွယ် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေသည် ယမန်နေ့ မနက်အစောပိုင်းတွင် အူအတက်ပေါက်ပြီး ကွယ်လွန်သွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ထုတ်ပြန်ချက်အရ သိရသည်။
ကွယ်လွန်သွားသည့် နိုင်ငံရေးအကျဉ်းသားသည် မေလ ၁၉ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀ (က) နှင့် ၆၁ တို့ဖြင့် ချမ်းမြသာစည်တရားရုံးမှ နှစ်ရှည်ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထားရသည်။ ယခု ဇူလိုင်လဆန်းပိုင်းမှ စ၍ ဦးမြင့်ဝေသည် ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာ ခံစားရသည့်အတွက် ဆေးကုသခွင့်ရရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ထောင်အာဏာပိုင်များမှ ပုံမှန်ဗိုက်အောင့်ခြင်းသာ ဖြစ်သည်ဟု မှတ်ချက်ပြုသောကြောင့် ဆေးကုသခွင့် မရခဲ့ပေ။
ထို့နောက် ဗိုက်အောင့်ဝေဒနာ ပြင်းထန်ချိန်ရောက်မှသာ ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း အချိန်မီ ဆေးကုသခွင့် မရှိသောကြောင့် သေဆုံးသွားရခြင်း ဖြစ်သည်ဟု PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ အကျဉ်းသားများ၏ အခွင့်အရေးကို ချိုးဖောက်နေခြင်းများအား ရပ်တန့်၍ ထောင်းတွင်း ဆေးကုသခွင့်၊ ဆေးလုံလောက်စွာ ထားရှိခြင်းနှင့် ကျန်းမာရေးအရ ဝေဒနာပြင်းထန်သူများအား ပြင်ပဆေးရုံများသို့ အချိန်မှီ ပို့ဆောင်ပေးရန် PPNM မှ တောင်းဆိုထားသည်။
ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှ ဇူလိုင်လဆန်းအထိ လုံလောက်သည့် ဆေးကုသခွင့် မရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား ၂၅ ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထောင်ချခံရသူ အရေအတွက်မှာ သိသိသာသာ မြင့်တက်လာသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၅ ဇူလိုင်လ ၈ ရက်အထိ လူပေါင်း ၂၉၀၀၀ ကျော် ဖမ်းဆီးခံထားရသည်။ ၎င်းတို့ထဲတွင် ၁၀၈၀၀ ကျော်ကို ပြစ်ဒဏ်ချမှတ် ထောင်ချထားပြီးဖြစ်ကာ သေဒဏ် ချမှတ်ခံထားရသူ ၁၇၀ ကျော်ရှိသည်ဟု AAPP ၏ စာရင်းများအရ သိရသည်။