ညီနောင်မဟာမိတ် (၃) ဖွဲ့ အုပ်ချုပ်ရေးဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်တွင် ပြည်သူ့ဆေးရုံကြီး စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဆေးရုံမှာ ပထမဆုံးသော ပြည်သူ့ဆေးရုံကြီးဖြစ်ပြီး ယနေ့ ဇူလိုင် ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၎င်းက “ဒေသခံပြည်သူလူထုတွေရဲ့ အားနဲ့ပဲ ကျွန်တော်တို့ ဒီဆေးရုံကြီးကို ဖွင့်လှစ်နိုင်ခဲ့တာပါ။ ဒီဆေးရုံဟာ ဒေသခံတွေရဲ့ အားကိုးအားထားရာ တစ်ခုလည်း ဖြစ်လာမှာပါ” ဟု သံလွင်ခက်ကို ပြောသည်။
ဆေးရုံဖြစ်မြောက်ရန်အတွက် အချိန် နှစ်လကျော် ပြင်ဆင်ခဲ့ရပြီး အခက်အခဲများလည်း ရှိခဲ့သည်ဟုဆိုသည်။
ယခင်က ဒေသခံများအတွက် ကျေးလက်ကျန်းမာရေးဆေးခန်းသာ ရှိသည့်အတွက် အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက မူဆယ်ဆေးရုံနှင့် နမ့်ခမ်းဆေးရုံတို့ကိုသာ အားကိုးခဲ့ကြရသည်။ ယခုကဲ့သို့ ဆေးရုံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယခင်လို ကျန်းမာရေးအတွက် သိပ်ပြီးစိုးရိမ်စရာမရှိတော့ဟု မိုင်းယု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ အရင်ကဆို ကျွန်မတို့မှာ သွေးစစ်မယ်၊ ဓာတ်မှန်ရိုက်မယ်ဆိုရင်တောင် မူဆယ်ကိုပဲ သွားသွားနေရတာ။ အရေးပေါ်အခြေအနေဖြစ်နေတဲ့ အချိန်ဆို ပိုဆိုးပေါ့။ အခုလို ကိုယ့်ရပ်ကိုယ့်ဒေသမှာ ဆေးရုံရှိပြီဆိုတော့ သိပ်ဝေးဝေးလံလံသွားစရာလည်း မလိုတော့ဘူး။ အရင်ထက် အများကြီး အဆင်ပြေသွားတာပေါ့” ဟု ပြောသည်။
လက်ရှိ မိုင်းယု (၁၀၅)မိုင် ဆေးရုံတွင် ကုတင် ၆၂ လုံးပါရှိပြီး သွေးစစ်ရောဂါရှာဖွေခြင်းများ၊ X-ray (ဓာတ်မှန်)၊ Ultrasound (အာထရာဆောင်း) များအပြင် အခြားသော ဆေးဝါးကုသမှုများအား ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ထားကာ အခြားလိုအပ်နေသေးသည့် ဆေးဝါးကုသမှုများကိုလည်း ဖြည့်သွင်းလုပ်ဆောင်သွားမည်ဟု သိရသည်။
အခန်းအနားသို့ အာရက္ခတပ်တော် (ULA / AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့ အုပ်ချုပ်ရေးကော်မတီများ၊ ပင့်သံဃာတော်များ၊ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။







