ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတဝိုက်တွင် လုပ်ကိုင်နေကြသည့် ကျားဖြန့်လုပ်ငန်းများအား အမြစ်ပြတ် နှိမ်နင်းရန် မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ မြဝတီတွင် တွေ့ဆုံခဲ့ကြပြီး အဆိုပါ လုပ်ငန်းများ ကင်းစင်သည်အထိ ရှင်းလင်းရန် တရုတ်အာဏာပိုင်အဖွဲ့မှ တိုက်တွန်းထားသည်ဟု ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ တရုတ်စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်ရှိလာခြင်းမှာ ယခုလ အစောပိုင်းက တရုတ်မော်ဒယ်တစ်ဦးကို “ဓာတ်ပုံရိုက်ကူးရန်” ဟူသော အကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံသို့ လှည့်ဖြားခေါ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိပြီးနောက်ပိုင်း ဖြစ်သည်။
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများသို့ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင်လည်း ဖော်ပြထားသည်။
ထိုသို့ သုံးနိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံစဉ် မြဝတီမြို့အနီးတဝိုက်က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသူ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ လျင်မြန်စွာ ပို့ဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းကလည်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး တစ်ဦးသည် မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းများ၏ သားကောင်ဖြစ်သော တရုတ်နိုင်ငံသားများကို ကူညီရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် မြဝတီမြို့နယ်အနီးတဝိုက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ဇန်နဝါရီလကုန်ပိုင်းမှ စတင်၍ ယနေ့အချိန်အထိ နှိမ်နင်းနေဆဲ ဖြစ်သည်။
ယနေ့ဇူလိုင်လ ၈ ရက်တွင်လည်း ကျားဖြန့်လုပ်ငန်းများမှ ထိန်းသိမ်းထားသည့် ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီး ရှားနိုင်ငံသား ၁၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ရှစ်ဦး စုစုပေါင်း ၂၃ ဦးအား ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား စတင်နှိမ်နင်းခဲ့သည့်အချိန်မှ ဇူလိုင် ၈ ရက်အထိ ငါးလကျော်အတွင်း ပြည်ပနိုင်ငံသား ၈၉၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပြီးဖြစ်သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ထို့အပြင် ဆက်လက်ထိန်းသိမ်းထားသူများ ၂၀၀ နီးပါးခန့် ကျန်ရှိနေပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ရှိနေပြီဟု ဆိုသည်။









