စစ်ဦးစီးချုပ်နှင့် အရာရှိ ၃ ဦးကို ရက္ခိုင့်တပ်တော် လုပ်ကြံဟု ALP ထုတ်ပြန်
*****************************
သံလွင်ခက်
ဇန်နဝါရီ ၅ ၊၂၀၂၃။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA)၏ စစ်ဦးစီးချုပ်နှင့် အရာရှိ ၃ ဦးကို ရက္ခိုင့်တပ်တော် ( ULA/AA )က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ( ALA ) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် ( ၁၀၁ ) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒ သုံးဦး သေဆုံးမှုနှင့် ပတ်သတ်၍ ယခုကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။
ဇန်နဝါရီ ၄ ရက်၊ နံနက် ၈ နာရီကျော်တွင် စစ်တွေမြို့သို့ ကားဖြင့် သွားစဉ် ရက္ခိုင့်တပ်တော် ( ULA / AA ) တပ်ဖွဲ့ဝင်များက လုပ်ကြံသဖြင့် စီးလာသည့် ကားပေါ်တွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ULA/ AA က ရခိုင်အမျိုးသားအချင်းချင်းကြား လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကို တုန်လှုပ်ခြောက်ခြားစေသည့် အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်ဟု ALP က ဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ALP ပါတီ၏ ဒုတိယ ဥက္ကဌ ဖြစ်သည့် ဒေါ်စောမြရာဇာလင်းက ရခိုင်ပြည်နယ်တွင် လုံခြုံမှုမရှိတော့ဟု သံလွင်ခက်ကို ပြောသည်။
၎င်းက ” အခုလောလောဆယ်မပြောချင်ဘူး။ ပစ်သတ်ချင်တဲ့သူက လာသတ်တယ်။ သတ်လို့သေသွားတယ်။ ရခိုင်ပြည်မှာ လုံခြုံမှုမရှိဘူး ။ ဒါပဲ ပြောချင်တယ်။ ကျန်တာမပြောချင်ဘူး ” ဟု ဆိုသည်။
လက်ရှိတွင် သေဆုံးသူများ၏ နာရေးကိစ္စရများကို ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ဗိုလ်ချုပ်ခိုင်စိုးမြသည့် ပါတီနှင့် တပ်မတော်မှပေးအပ်သည့် တာဝန်အဆင့်ဆင့်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် စစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ စစ်ဦးစီးချုပ်နှင့် အရာရှိ ၂ဦး သတ်ဖြတ်ခံရခြင်းသည် ALP ပါတီနှင့် ရခိုင်ပြည်သူများအတွက် အစားထိုးမရသည့် ဆုံးရှုံးမှု ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ULA/AA က ALP ပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသာမက ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ရဟန်းသံဃာတော်များနှင့် ပြည်သူများကို ဖမ်းဆီး အသတ်ခံရမှုများအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန် စွပ်စွဲချက်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိသေးပေ။
ALP သည် စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိ စစ်ကောင်စီကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်နေသည်။