AA နှင့် စစ်ကောင်စီတပ်တို့ သုံ့ပန်းလဲလှယ်
*******************************
ဇန်နဝါရီ ၅၊၂၀၂၃။
ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား သုံ့ပန်းလှည့်လှယ်မှုပြုလုပ်ခဲ့သည်ဟု သံလွင်ခက်က စုံစမ်းသိရှိရသည်။
(၇၅) ကြိမ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ မတိုင်မီတစ်ရက်အလိုက သုံ့ပန်းလဲလှယ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ အေအေဘက်က ကား ၃ စီး၊ လူအင်အား ၃၀ လောက်ပါတယ်။ စစ်ကောင်စီ ဘက်ကလည်း ကားသုံးလေးစီး လောက်ပါတယ်။ မနက်ပိုင်း ၇ နာရီခွဲ ၈ နာရီဝန်းကျင်လောက်ဖြစ်မယ်။ သုံ့ပန်းအရေအတွက် ဘယ်လောက် လဲလှယ်ဆိုတာတော့ အတိအကျ မသိရဘူး ” ဟု ၎င်းက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာနှင့် ပဒေသာရွာကြား စစ်တွေ- ရန်ကုန် ကားလမ်းမကြီး တစ်နေရာတွင် လဲလှယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်တပ်များက စစ်ယူနီဖောင်းအပြည့်ဝတ်ဆင်ကာ လက်နက်များ အသင့်ကိုင်ဆောင်ပြီး လဲလှယ်ခဲ့ကြခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
သုံ့ပန်း လဲလှယ်ရာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ရက္ခိုင့်တပ်တော်(AA)၏ ဗိုလ်အဆင့်ရှိသူ တစ်ဦး ပါဝင်သည်ဟု စစ်ဘက်ရေးရာ နီးစပ်သူတစ်ဦးက ပြောသည်။
“ စစ်တပ်က ဖမ်းထားတဲ့ အေအေက ဗိုလ်မှူးအဆင့် တစ်ယောက်တော့ ပါတယ်။ ကျန်တာကိုတော့ အတိအကျ ပြောဖို့ခက်ပါတယ် ” ဟု ၎င်းက ဆိုသည်။
အဆိုပါ သုံ့ပန်း လဲလှယ်မှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်သည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ အထိ ၂ နှစ်ကျော်အကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်းက ဖမ်းဆီးမှုများရှိခဲ့ပြီး အပစ်အခတ်ရပ်စဲနေချိန် အပြန်အလှန် လွှတ်ပေးမှုများလည်း ရှိခဲ့သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ရွာနှင့် ဒီပါရုံရွာကြားတွင် နှစ်ဖက်တပ်တို့ သုံ့ပန်းလဲလှယ်မှု တစ်ကြိမ်ပြုလုပ်ခဲ့ကြပြီး အေအေ ဘက်မှ ဖမ်းထားသည့် စစ်သားနှင့် ရဲဝန်ထမ်း ၁၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ မဖြစ်ပွားမီ နှစ်ဖက် တပ်တို့အကြား ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အပြန်အလှန် ဖမ်းဆီးမှုစတင်ခဲ့ကြခြင်း ဖြစ်သည်။
ထိုဖမ်းဆီးမှုများတွင် စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား ဖမ်းဆီးကာ ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုမှုများလည်း ရှိနေသည်။
ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်သည့် (၇၅) ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် စစ်ခေါင်းဆောင်အမိန့်ဖြင့် ရခိုင်ပြည်နယ်က ပြစ်ဒဏ်ကျခံရသူ ၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သော်လည်း AA သံသယဖြင့် အကျည်းချခံထားရသူ တစ်ဦးမှမပါဝင်ခဲ့ပေ။
ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၂ ခုနှစ် သြဂုတ်လ အစောပိုင်းက စတင်ခဲ့သော တကျော့ပြန်တိုက်ပွဲများကို နိုဝင်ဘာလ နောက်ဆုံးအပတ်က နှစ်ဖက်နားလည်မှုဖြင့် ယာယီအပစ် ရပ်ဆဲထားသည်။
Photo – Crd