ကေအဲန်ယူ တပ်မဟာ ၄ ရှိ စစ်ကောင်စီ၏ သုခစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီ၏ အဆိုပါတပ်စခန်းသည် မြိတ်-ထားဝယ်ခရိုင် ထိုင်-မြန်မာနယ်စပ်စည်းမျဉ်းပေါ်၌တည်ရှိသည့် တပ်စခန်းတစ်ခုလည်းဖြစ်သည်။
၎င်းတပ်စခန်းကို စစ်ကောင်စီမှ တပ်သားအင်အား ၃၀ ကျော်ဖြင့်တပ်စွဲထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် တပ်ဖွဲ့ဝင်အားလုံးသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု KNU ထုတ်ပြန်ချက်အရသိရသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလမှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ထိုအချိန်မှ စ၍ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်း တစ်ဒါဇင်ခန့်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ထားသလို လက်ရှိအချိန်တွင် မြဝတီမြို့တောင်ဘက်၊ ဝေါ်လေဒေသရှိ စစ်ကောင်စီ၏ ဝေါ်လေဗျူဟာတပ်စခန်းနှင့် ဥကရစ်ထတပ်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
တဆက်တည်းတွင် ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲများကြောင့် စစ်ရှောင်အရေအတွက် တိုးလာပြီး KNU ထိန်းချုပ်နယ်မြေများတွင် ၁ သန်းကျော် အထိရှိကာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူ ၁ သိန်းကျော် အထိ ရှိသည်ဟု ကရင့်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး




