ခင်သရဖီဦး
ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေသည်မှာ နှစ်ပတ်ကျော်ကြာပြီဖြစ်၍ စစ်ဘေးရှောင်များနှင့် ဒေသခံများ အခက်အခဲများ ကြုံနေကြရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်မှစတင်ပြီး ယနေ့အထိ မိုးရွာသွန်းနေသည်မှာ ၁၆ ရက်ခန့်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေးတွင် အခက်အခဲများ ကြုံနေကြရသည်ဟု ပေါက်တောမြို့နယ်မှ အသက် ၃၈ နှစ်အရွယ် ဒေါ် မသန်းလိူင်က ပြောသည်။
၎င်းက ”အပြင်ထွက်သွားလို့ ပြန်ဝင်လာရင် ပြန်ဝတ်စရာ မရှိတော့ဘူး။ အဝတ်က စုစုပေါင်း ငါးထည်လောက်ပဲ ရှိတာပါ။ မိုးမရွာခင်က ကျွန်မနဲ့ ကျွန်မ ယောကျာ်းက နှစ်ယောက် အလုပ်လုပ်တယ်။ အခုက သူတစ်ယောက်တည်းပဲ အလုပ်ထွက်ရှာတယ်။ သူလည်း နေ့တိုင်းတော့ မသွားဘူး။ ပြန်လာရင် ဝတ်စရာမရှိလို့လေ” ဟု ပြောသည်။
ထို့အပြင် အလုပ်အကိုင် မရှိသည့် နေ့များတွင် ရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဆွမ်းကျန်များကို ယူစားသောက်နေရကြရသည်ဟု ၎င်းက ဆက်ပြောသည်။
“ထင်းတော့ ရှိသေးတယ်။ ချက်ပြုတ်စရာ ဆန်မရှိတော့ ဘုန်းတော်ကြီးကျောင်းက ဆွမ်းကျန် ယူစားနေတာ တစ်ပတ်ကျော်လောက်ရှိပြီ” ဟု ဆိုသည်။
ထို့အပြင် နေထိုင်နေရသည့် စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများမှာလည်း မိုးရွာသွန်းမှုကြောင့် ရေဝင်နေသည့်အတွက် နေထိုင်ရေးတွင် အခက်အခဲများရှိနေသည်ဟု ရမ်းဗြဲမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။
”အခုက အခန်းတွေကလည်း မလုံတော့ မိုးတွေ စိုကုန်တယ်။ နေရထိုင်ရတာ အဆင်မပြေပါဘူး။ အမိုးအကာကလည်း အဆင်မပြေဘူး။ မိုးတအား ရွာနေရင် မိုးယိုတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ခြင်းထောင်ကလည်း တစ်လုံးပဲ ရှိတာ။ မိသားစုတွေ အကုန်လုံး စုအိမ်ရတော့ ခြင်းထောင်မလုံတော့ ခြင်ကလည်းကိုက်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရခိုင်ရှိ စစ်ဘေးရှောင်များမှာ ခြင်ထောင်၊ အဝတ်အထည်၊ အစားအသောက်များ လိုအပ်ချက်ရှိနေသောကြောင့် အကူအညီများ လိုအပ်နေကြသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။
ရခိုင်ပြည်နယ်တွင် အာဏာမသိမ်းခင်ကာလကတည်းက စစ်ရေးပဋိပက္ခကြောင့် စစ်ရှောင်များ ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုတိုးလာကာ လက်ရှိ စုစုပေါင်း ၆ သိန်း နီးပါးအထိ ရှိသည်ဟု စစ်ရှောင်အရေးကူညီသူများထံမှ သိရသည်။
ပုံစာ – ပေါက်တောရှိ စစ်ဘေးရှောင်များ