ဆက်ကြေးကောက် နှောင့်ယှက်နေသည့် စစ်ဆေးရေးဂိတ်ကိုမတူမီ CDF အလစ်ငိုက်တိုက်ခိုက်
********************
ဇန်နဝါရီ ၅၊ ၂၀၂၂။
ပလက်ဝ-မတူပီ ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို CDF Matupi တပ်ဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် ခမရ ၃၀၄ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂၀ဦးဝန်းကျင်ရှိပြီး ညနေ ၃နာရီခန့်တွင် အင်အားအနည်းငယ်ဖြင့် အလစ်ငိုက် တိုက်ခိုက်ခဲ့သည်ဟု CDF Matupi ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
” အင်အားအများကြီးမသုံးဘဲ ခုနစ်ယောက်လောက်နဲ့ အလစ်ငိုက်တိုက်ခဲ့တာ ” ဟု ၎င်းက ဆိုသည်။
ထိုစစ်ဆေးရေးဂိတ်သည် လမ်းသွားလမ်းလာ ပြည်သူများကို ဆက်ကြေးကောက်ခြင်း၊ ပစ္စည်းများလုယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။
CDF Matupi ၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး ကျဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရခဲ့သည်ဟု သိရသည်။
အလစ်ငိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်သားများသည် နာရီဝက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အနီးအနားရှိ ခမရ ၃၀၄ အခြေစိုက် စစ်စခန်းမှလည်း ည ၈ နာရီခန့်ထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
” ရမ်းသမ်းပစ်ခတ်တာတော့ဆက်တိုက်ပဲ ကျွန်တော်တို့က နယ်မြေကျွမ်းတော့ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ် ” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ပလက်ဝ-မတူပီကားလမ်းကို ပိတ်ထားပြီး စစ်ဆေးရေးဂိတ်တွင် ခမရ ၃၀၄ မှ စစ်အင်အားများ ဖြည့်တင်းထားကြောင်းသိရသည်။