ထိုင်းလုံခြုံရေးတပ်ဖွဲ့များသည် လူကုန်ကူးသတင်းရရှိပြီးနောက် ယမန်နေ့ နံနက်အစောပိုင်းက ထောင်ဖာဖုမ်ခရိုင်တွင် တရားမဝင် ရွှေ့ပြောင်းလာသူ မြန်မာ ၂၇ ဦးကို သယ်ဆောင်လာသည့် ကားတစ်စီးကို ကြားဖြတ်ဖမ်းဆီးမိခဲ့သည်ဟု Thai Royal Army က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၆ ရက် နံနက် ၁ နာရီခန့်တွင် အရာရှိများက သတင်းရရှိချက်နှင့် ကိုက်ညီသော သံသယဖြစ်ဖွယ် မော်တော်ယာဉ်တစ်စီး ဆန်ခလဘူရီမှ ထောင်ဖာဖုမ်ဘက်သို့ မောင်းနှင်လာသည်ကို တွေ့၍ ရပ်တန့်ရန် တားသောအခါ ယာဉ်မောင်း ထွက်ပြေးခဲ့သည်ဟု သိရသည်။ ထို့ကြောင့် လိုက်လံဖမ်းဆီးရာ ဘန်ကောက်လိုင်စင်နံပါတ်ပါ အဆိုပါ ပစ်ကပ်ထရပ်ကားကို ဆာဟာကွန်နိကွမ်ဒေသခွဲရှိ လမ်းဘေးတွင် စွန့်ပစ်ထားသည်ကို တွေ့ခဲ့ရသည်။
ကားကို စစ်ဆေးကြည့်ရာ တရားမဝင် ဝင်ရောက်လာသူများဟု ယူဆရသည့် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၈ ဦး ကို ယာဉ်အတွင်း တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ထိုင်းစကား ပြောဆိုနိုင်ခြင်းမရှိသည့်အပြင် တရားဝင်စာရွက်စာတမ်းများလည်း တင်ပြနိုင်ခြင်းမရှိသောကြောင့် ထိန်းသိမ်းခဲ့သည်ဟု သိရသည်။ ဘာသာပြန်မှတစ်ဆင့် မေးမြန်းရာတွင် ၎င်းတို့မှာ ရန်ကုန်မြို့မှ လာရောက်သူများ ဖြစ်ပြီး ဘန်ဘော်ဂျပန်ရွာအနီးရှိ တောလမ်းများမှတစ်ဆင့် ခြေလျင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့သူများ ဖြစ်သည်ဟု ဖော်ပြထားသည်။
ထိုသို့ ဝင်ရောက်နိုင်ရန်အတွက် ပွဲစားမှတဆင့် လုပ်ဆောင်ခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁၉,၀၀၀ ကို သွားရောက်မည့် နေရာ ရောက်ချိန်တွင် ပေးဆောင်ရန် သဘောတူခဲ့ကြသည်ဟု သိရသည်။ လက်ရှိတွင် အာဏာပိုင်များက ၎င်းတို့၏ အချက်အလက်များကို မှတ်တမ်းတင်ထားပြီး ထပ်မံစုံစမ်းစစ်ဆေးရန်နှင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် ထောင်ဖာဖုမ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
ဖမ်းဆီးခံရသူများ ဝင်ရောက်လာသည်ဆိုသည့် သတင်ပေးပို့ချက်အရ စစ်သားများ၊ နယ်ခြားစောင့်ရဲများ၊ ထောင်ဖာဖုမ်ရဲများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တစ်ဖွဲ့က ထောင်ဖာဖုမ် သုံးလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ချ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။