ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင် ၆ ရက် သန်းခေါင်ယံ ၁၂ နာရီကျော်အချိန်တွင် ကျောက်မဲမြို့သစ်တောရုံးဝင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံအမျိုးသား တစ်ဦးက “မနေ့ညပစ်တာကတော့ ဗုံးက တစ်လုံးပဲ ကြားတယ်။ တစ်ချက်ပဲ ကြားလိုက်တာ။ လူထိခိုက်မှုမရှိဘူး။ အရင်က ခရိုင်သစ်တောရုံးကို ပစ်တာ။ အဲဒီမှာကအချိန်ပြည့် တံခါးပိတ်ထားတာဆိုတော့ လူရှိလား၊ မရှိလားတော့မသိဘူး။ ကျွန်တော်တို့ အခု သွားကြည့်တာ ဘာမှတော့ မတွေ့ခဲ့ဘူး” ဟု သံလွင်ခက်ကို ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သစ်တောဝင်းရှိ အဆောက်အဦး အချို့နှင့် အနီးအနားမှ အိမ် တစ်လုံးလည်းထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။
စစ်ကောင်စီသည် ကျောက်မဲမြို့ကို လေကြောင်းမှ ဆက်တိုက်နီးပါး တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံတစ်ချို့ မြို့တွင်း၌ ဆက်လက်မနေရဲဘဲ တိမ်းရှောင်မှုများရှိနေသည်ဟုလည်း စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။
“မြို့ရဲ့ သုံးပုံ တစ်ပုံလောက်ကတော့ အနီးအနားရွာတွေကိုတိမ်းရှောင်နေကြတယ်။ ပိုက်ဆံရှိတဲ့ သူတွေကတော့ မြို့ကြီးတွေမှာ သွားနေကြတာပေါ့။ ပိုက်ဆံမရှိတဲ့ သူတွေကတော့ မြို့နားက ရွာတွေမှာ သွားနေကြတာ။ နောက်ပြီးစစ်ရှောင်တွေအတွက်က အဓိက အစားအသောက်တွေ အဓိက လိုအပ်နေတယ်” ဟုလည်းပြောသည်။
တရုတ်အစိုးရမှ တိုက်ပွဲများရပ်ရန် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတို့အား သီးခြားခေါ်ယူတွေ့ဆုံ နားချခဲ့မှုများလည်းရှိနေသော်လည်း လက်ရှိအချိန်တွင် TNLA နှင့် စစ်ကောင်စီတို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ၄ မိုင်ခန့်အကွာရှိ နောင်လင်ကျေးရွာအပါအဝင် နောင်ချိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၁ ရွာတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
စစ်ကောင်စီသည် ကျောက်မဲမြို့အား ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်မှ ၂၉ ရက်အထိ တစ်ပတ်အတွင်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ငါးဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နေအိမ် ၆၅ လုံး၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် စာသင်ကျောင်း သုံးကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း TNLA မှ ထုတ်ပြန်ထားသည်။



