ပြီးခဲ့သည် ဇွန်လတွင် တရုတ်အစိုးရမှ စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA တို့ကို သီးခြားခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ထိုးစစ်ဆင်မှုများ မပြုလုပ်ရန် ခေါ်ယူပြောဆိုခဲ့သည်ဟု TNLA ဘက်မှ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လက်ရှိအချိန်တွင် TNLA နှင့် စစ်ကောင်စီတို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ၄ မိုင်ခန့်အကွာရှိ နောင်လင်ကျေးရွာအပါအဝင် နောင်ချိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၁ ရွာတွင် ပြီးခဲ့သည့် ဇွန်လက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ယနေ့ ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ထို့ကြောင့် တိုက်ပွဲများရပ်ရန် တရုတ်အစိုးရမှ TNLA နှင့် စစ်ကောင်စီတို့အား သီးခြားခေါ်ယူတွေ့ဆုံ နားချခဲ့မှုများလည်းရှိသည်။
“ပြီးခဲ့တဲ့ ဒီရက်အတောအတွင်းမှာလည်း PSLF/TNLA ကို ခေါ်ယူပြီးတော့မှ အပစ်အခတ်တွေ ရပ်ကြဖို့ ထိုးစစ်ဆင်မှုတွေ မပြုလုပ်ကြဖို့ အရပ်သားတွေကို စောင့်ရှောက်ဖို့ တရုတ်အစိုးရက ကြားဝင်ပြီးတော့မှ ခေါ်ယူတာမျိုးတွေ ရှိပါတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေယေဦးက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် အရပ်သားပြည်သူထိခိုက်မှုများကို တရုတ်အစိုးရထံ တင်ပြခဲ့သည်ဟုလည်း သိရသည်။
TNLA အပြင် စစ်ကောင်စီကိုလည်း ခေါ်ယူတွေ့ဆုံခြင်းများရှိခဲ့သည်ဟု ဆိုသော်လည်း စစ်ကောင်စီဘက်ကမူ တရုတ်အစိုးရနှင့် တွေ့ဆုံမှုရှိ၊ မရှိကို ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဧပြီလဆွေးနွေးပွဲပြီးနောက် တရုတ်အစိုးရမှ ဦးဆောင်၍ စစ်ကောင်စီ၊ TNLA တို့ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးခြင်းမရှိဟုလည်း လွေးယေဦးက ပြောသည်။
၂၀၂၅ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံ ကမကထပြုလုပ်မှုနှင့် စစ်ကောင်စီနှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမှုတွင် စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်ထားသော နောင်ချို၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ TNLA တပ်များကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုမှုကို TNLA ဘက်မှ လိုက်လျောပေးနိုင်ခြင်းမရှိသောကြောင့် TNLA ထိန်းချုပ်ဒေသများဖြစ်သော အဆိုပါ ဒေသများကို ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်ထဲ၌ နေပြည်တော်တွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များကို ခေါ်ယူ၍ ငြိမ်းချမ်းရေးဖိုရမ် (Peace Forum) ကို ကျင်းပခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်သို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း တက်ရောက်ခဲ့သည်ဟုလည်း BBC မြန်မာပိုင်းက သတင်းဖော်ပြထားသည်။


