မြဝတီ-ကော့ကရိတ် လမ်းမကြီး ပြန်ဖွင့်
***************
ဇန်နဝါရီ ၅၊၂၀၂၃။
ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား ရက်ပေါင်း ၂၀ ကျော်ကြာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ရာမှ ဇန်နဝါရီ ၄ ရက်နေ့လည် ၃ နာရီခွဲခန့်မှ စတင်ကာ ပြန်လည်ဖြတ်သန်းခွင့် ပြုခဲ့သည်ဟု ကုန်တင်ယဉ်မောင်းများက ပြောသည်။
ယမန်နေ့မှ စတင်ကာ ကုန်တင်ယာဉ် ခရီးသည်တင်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များမှာ ပြန်လည်ဖြတ်သန်းသွားလာနေပြီဖြစ်သည်ဟု ကုန်တင်ယဉ်မောင်း တစ်ဦးက သံလွင်ခက်ကို ပြောသည်။
” ဖြတ်သန်းခွင့် သွားလာခွင့် ရနေပါပြီ၊ ဘယ်နေ့ပြန်ပိတ်မလဲတော့ မသိသေးဘူး ” ဟု ၎င်းက ဆိုသည်။
မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီးရှိ ချောင်းကူးတံတားကိုလည်း ပြန်လည် ပြင်ဆင်ထားသည်ဟု ကုန်တင်ယဉ်မောင်းများက ပြောသည်။
တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ယမန်နှစ် ဒီဇင်ဘာ ၂၂ ရက်ခန့်မှ စတင်ကာ ဖြတ်သန်း သွားလာခွင့် ယာယီ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့သဖြင့် ကုန်စည် ပို့ဆောင်မှုများလည်း ပြန်လည် လည်ပတ်လာသည်ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
” နှစ်ပတ်လောက်ကတော့ ပို့ဆောင်ရေးခက်သွားတာပေါ့၊စစ်ရေးအခြေအနေကြည့်နေရတာ၊သယ်လို့လည်းမရဘူး၊သယ်လဲမသယ်ရဲဘူး၊အခုတော့ ရန်ကုန်နေ မြဝတီကို ပို့တဲ့ ကုန်စည်တွေ နေ့ချင်းမြဝတီကိုရောက်လာပြီ ” ဟု ၎င်းက ဆိုသည်။
၂၀၂၂ခုနှစ် အောက်တိုဘာ (၁၈) ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြားဖြစ်ခဲ့သည့် တိုက်ပွဲများကြောင့် နှစ်ဖက်အဖွဲ့အစည်းများက မြဝတီ – ကော့ကရိတ် ဒေါနတောင် လမ်းသစ်ကို တစ်ပတ်ခန့် ပိတ်ထားခဲ့ဖူးသည်။
ပုံစာ – ကော့ကရိတ်လမ်းပိုင်းတစ်နေရာတွင် တွေ့မြင်ရသည့် ကုန်တင်ကားများ မြင်ကွင်း။
Photo – KTW