ထိုင်း – ကရင်နယ်စပ်၊ ဥကရစ်ထတိုက်ပွဲအတွင်း ၁၂၀ မမ လက်နက်ကြီးကျည် ဝေါ်လေရွာသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံ သုံးဦးအနက် တစ်ဦးမှာ သေဆုံးသွားရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ၎င်းက “မနေ့က ထိတဲ့ သုံးယောက်မှာ တစ်ယောက်က ဆုံးသွားတယ်။ သူက ထိကတည်းက ဒဏ်ရာပြင်းထန်တာလေ။ ကျန်တဲ့နှစ်ယောက်ထဲက တစ်ယောက်က ခြေထောက်ဖြတ်ရတယ်။ တစ်ယောက်က ရင်ဘတ်ထိတယ်” ဟု ပြောသည်။
အဆိုပါ ဒဏ်ရာရသူများကို ထိုင်းဘက်ခြမ်းရှိ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသပေးနေသည်။ လက်ရှိအချိန်မှာ ဆေးရုံတက်နေရသည့် ဒေသခံများအတွက် အကူအညီများ လိုအပ်နေသည်ဟုလည်း နီးစပ်သူတစ်ဦးကဆိုသည်။ ပြီခဲ့သည့် ဇူလိုင် ၃ ရက်ကလည်း လက်နက်ကြီးစထိမှန်ပြီး ကလေး တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့သေးသည်။
ယမန်နေ့ ညနေတွင်လည်း စစ်ကောင်စီဘက်မှ ကင်းထောက်လေယာဥ် Y-12 ပျံသန်းမှုရှိပြီးနောက် ဗုံးကြဲမှုများ ပြုလုပ်သွားသေးသည်။
ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ၊ ထိုင်းမြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက မေလမှစ၍ ဆက်တိုက် သိမ်းပိုက်နေရာ ဥကရစ်ထနှင့် ဝေါ်လေဗျူဟာစခန်းကြီး နှစ်ခုသာ ကျန်ရှိတော့ပြီး လတ်တလောတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။