ပလောင်ပြည်နယ်တပ်ဦး ( PSLF/TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီမှ သီပေါမြို့၊ ပြည်သူ့ဆေးရုံကြီးနှင့် စိုက်ပျိုးရေးရုံးတို့ကို ပေါင် ၂၅၀ ဗုံး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ပြည်သူ့ဆေးရုံခွဲစိတ်ဆောင်နဲ့ စိုက်ပျိုးရေးရုံးကို ပစ်သွားတာ။ စလာလာချင်းကို ဆေးရုံကို အရင်ပစ်တာ။ လူထိခိုက်မှုတော့ မရှိဘူးဗျ။ ဆေးရုံခွဲစိတ်ဆောင်ကတော့ အကုန် ပျက်စီးသွားတယ်။နောက်ပြီး စိုက်ပျိုးရေးရုံးနားက အိမ်တွေကတော့ တော်တော်ပျက်စီးသွားတယ်။ ပျက်စီးအိမ်က ၁၀ အိမ်လောက် ရှိမယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ထဲရှိ ဈေးဆိုင်အချို့ ပိတ်သိမ်းထားပြီး ဒေသခံပြည်သူများလည်း စိုးရိမ်ထိပ်လန့်မှုများရှိနေသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်မှ ၂၉ ရက်အထိ တစ်ပတ်အတွင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ငါးဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နေအိမ် ၆၅ လုံး၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် စာသင်ကျောင်း သုံးကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း TNLA မှ ထုတ်ပြန်ထားသည်။