ရုရှားနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံကိုအုပ်ချုပ်နေတဲ့ တာလီဘန်အစိုးရကိုအသိအမှတ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံကတာလီဘန်အစိုးရကို နိုင်ငံရဲ့တရားဝင်အာဏာပိုင်အဖွဲ့အစည်းအဖြစ် ဇူလိုင်လ ၃ ရက်မှာအသိအမှတ်ပြုခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံရဲ့အခုဆုံးဖြတ်ချက်က ရဲရင့်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီး အာမီရာ ခန်း မတ်တာကီ က ပြောကြားသွားခဲ့ပါ တယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ အာမီရာ ခန်း မတ်တာကီ ဟာ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး ဒီမီထရီ ဇီဟာနော့ဗ်နဲ့ မြို့တော်ကဘူးလ်မှာတွေ့ဆုံခဲ့ပြီး တာလီဘန်အစိုးရကိုအသိအမှတ်ပြုကြောင်း ရုရှားအစိုးရရဲ့သဘောထားကို တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီး အာမီရာ ခန်း မတ်တာကီ ကလည်း ရုရှားအစိုးရရဲ့ဆုံးဖြတ်ချက်က အပြုသဘောဆောင်တဲ့ဆက်ဆံရေးအသစ်ဖြစ်သလို အပြန်အလှန်လေးစားမှုနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ထိတွေ့ဆက်ဆံမှုဖြစ်တဲ့အပြင် အခြားနိုင်ငံတွေအတွက်လည်း ဥပမာကောင်းဖြစ်တယ်လို့ဆိုပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတိုးလာနေတယ်လို့ သတင်း တွေထွက်ပေါ်နေပေမယ့် တာလီဘန်တွေအာဏာရလာခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လနောက်ပိုင်းကစပြီး နိုင်ငံ တကာအသိအမှတ်ပြုမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးလာအောင် တာလီဘန်တွေကကြိုးပမ်းခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်ရဲ့ အစ္စလာမ္မစ်စော်ဘွားနိုင်ငံကို အသိအမှတ်ပြုလိုက်တဲ့ ရုရှားအစိုးရရဲ့လုပ်ရပ်က မိမိတို့နှစ် နိုင်ငံကြားအကျိုးဖြစ်ထွန်းတဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားဖြစ်လာလိမ့် မယ်ဆိုတာယုံကြည်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလိုအသိအမှတ်ပြုလိုက်တဲ့အတွက်ကြောင့် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးအပါအဝင် နှစ်နိုင်ငံကြားကုန်ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးကိုအရှိန်မြှင့်တင်နိုင်မှာဖြစ် သလို တာလီဘန်တွေအကောင်အထည်ဖော်နေတဲ့ အကြမ်းဖက်ဝါဒနဲ့မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားမှုဆိုင်ရာခြိမ်းခြောက်မှုတွေကိုတိုက်ဖျက်နိုင်ဖို့တာလီဘန်တွေကို ဆက်ပြီးကူညီနိုင်ပါလိမ့်မယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လမှာ တိုင်းပြည်အာဏာကို တာလီဘန်တွေရယူပြီးနောက်ပိုင်း ကဘူးလ်မြို့မှာရှိတဲ့ နိုင်ငံခြားသံရုံးအများအပြားပိတ်ပစ်ခဲ့ပေမယ့် သံရုံးမပိတ်ဘဲဆက်ဖွင့်ထားတဲ့နိုင်ငံအနည်းငယ်ထဲ ရုရှားနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။
အာဖဂန်နိုင်ငံထဲဝင်ရောက်လှုပ်ရှားနေကြတဲ့ အစ္စလာမ္မစ်နိုင်ငံတော် – IS အဖွဲ့ကိုတိုက်ထုတ်ရာမှာ တာလီဘန်တွေကိုကူညီသွားမယ်လို့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ မော်စကိုအထူးသံတမန်က ပြီးခဲ့တဲ့မေလ ၂ ရက် မှာပြောကြားခဲ့ပါတယ်။
Ref: BBC