ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့မ ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံသို့ ယနေ့ ဇူလိုင် ၄ ရက်တွင်ဘက်ပြောင်းခိုလှုံလာခဲ့သည်ဟု တပ်ရင်းပြောရေးဆိုခွင့်ရှိသူ ကိုချမ်းက သံလွင်ခက်ကို ပြောသည်။
အသက် ၃၅ နှစ်အရွယ်ရှိ ရဲတပ်သား ရန်နိုင်လင်းသည် ရဲလုပ်သက် ၁၁ နှစ်ရှိပြီဖြစ်ပြီး လှိုင်းဘွဲ့မြို့၌ တာဝန်ကျနေချိန် စစ်ကောင်စီ၏ ပြည်သူအပေါ် အကြမ်းဖက်မှုများကို လက်မခံနိုင်၍ ယခုနှစ် မတ်လတွင် မိဘများရှိရာ တနင်္သာရီမြို့နယ်ဘက်သို့ ထွက်ပြေးလာခဲ့သည်။
ထို့နောက် ၎င်းသည် မိဘများမှတဆင့် မြိတ်ခရိုင် အမှတ်(၃) တပ်ရင်းထံသို့ ချိတ်ဆက်၍ ဘက်ပြောင်းခိုလှုံလာခဲ့သည်ဟု သိရသည်။ ၎င်းသည် ပြည်မြို့၊ ဝက်ထီးကန် အမှတ်(၂) အခြေခံရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ အပတ်စဉ်(၂၉၂) စည်သူတပ်ခွဲတွင် သင်တန်းတက်ရောက်ခဲ့သူဖြစ်သည်။
“ထွက်ပြေးလာကတည်းက ဖုန်းစက်ပိတ်ပြီး အဆက်အသွယ် ဖြတ်လာတာ။ ပြေးလာတဲ့ လမ်းကြောင်းတစ်လျှောက် အရပ်သားဟန်ဆောင်ပြီး လျှို့လျှို့ဝှက်ဝှက် ခက်ခက်ခဲခဲနဲ့ လာရတာပါ။ လက်ရှိ သူ့ဆန္ဒအတိုင်း သူ့မိဘနဲ့ အတူနေထိုင်ခွင့်ပြုထားပါတယ်။ လက်နက်ကိုင်ပြီး ပြန်တော်လှန်ချင်တယ်လို့တော့ ပြောတယ်” ဟု ကိုချမ်းက ပြောသည်။
ရဲတပ်သား ရန်နိုင်လင်းနှင့် ၎င်း၏ မိသားစုဝင်များကိုလည်း မြိတ်ခရိုင် အမှတ်(၃) တပ်ရင်းမှ လုံခြုံစွာ စောင့်ရှောက်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။
ယခုနှစ်အတွင်းတွင် စစ်ကောင်စီဘက်မှ မြိတ်ခရိုင် အမှတ်(၃) တပ်ရင်းထံသို့ ဘက်ပြောင်းခိုလုံသူ ၂၁ ဦးထက်မနည်း ရှိသည်ဟု တပ်ရင်းပြောပြချက်အရ သိရသည်။
ပုံစာ – ဘက်ပြောင်းခိုလုံလာသော ရဲတပ်သား (ဓာတ်ပုံ-မြိတ်ခရိုင် အမှတ်(၃) တပ်ရင်း)