မန္တလေးမြို့တောင်ဘက်ရှိ မြို့သာမှတဆင့် မြင်းခြံသို့ ခဲယမ်းနှင့် ရိက္ခာပို့ဆောင်ရန်လာသော စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့စဉ် စစ်ကြောင်းမှူးအပါအဝင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြင်းခြံခရိုင် တပ်ရင်း (၇) – Zero ပြောက်ကျားတပ်ဖွဲ့က သံလွင်ခက်ကို ပြောသည်။
အဆိုပါ စစ်ကြောင်းသည် မြင်းခြံမြို့နယ်ရှိ စမိတ်ခုံ၊ ငါန်းမြာကြီးနှင့် ဆုံရွာကျေးရွာများရှိ ပျူစောထီးခေါ် ပြည်သူ့စစ်စခန်းများသို့ ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းရန် မြို့သာမြို့မှ ချီတက်လာခြင်းဖြစ်ပြီး ယမန့်နေ့ ဇူလိုင် ၃ ရက် နံနက် ၇ နာရီ ခန့်တွင် တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကြောင်း ကစဉ့်ကလျားဖြစ်ပြီး ၃၀ ဦးဝန်းကျင်ခန့် သေဆုံးခဲ့ရသည်ကို မျက်မြင်တွေ့မြင်ခဲ့သည်ဟု မြင်းခြံခရိုင် တပ်ရင်း (၇) – Zero ပြောက်ကျားတပ်ဖွဲ့မှ တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။
စစ်ကောင်စီ၏ ကား ငါးစီးပါ ယာဉ်တန်းနှင့် စစ်ကြောင်းသည် တော်လှန်ရေးတပ်များ ထောင်ထားသည် မိုင်းများကို တွေ့မြင်ပြီးနောက် ကစဉ့်ကလျားဖြစ်နေချိန် တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။
“စစ်ကြောင်းမှူးလို့ ယူဆရတဲ့သူကို ကျနော်တို့ထဲက စနိုက်ပါနဲ့ပစ်လိုက်တယ်။ အဲဒီတစ်ယောက် ကျသွားပြီးတော့ ထပ်ပြီး ကစဉ့်ကလျား ဖြစ်ကုန်ပြီးတော့ ကျနော်တို့ ရဲဘော်တွေက ဆက်တိုက် ပစ်ခတ်လိုက်တဲ့အခါမှာ ၃၀ ဝန်းကျင်လောက် ကားဘေးတွေမှာရော၊ လမ်းပေါ်မှာရော သေကုန်တာ ကျနော်တို့ တွေ့ရတယ်” ဟု ကိုသက်ကြီးက ပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီ၏ မြို့သာမြို့နှင့် ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာရှိ ရဲစခန်းတို့မှ ဟောင်ဝစ်ဇာ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီ စစ်ကြောင်းမှ ရိက္ခာသယ် ကားတစ်စီး၊ စစ်မှုထမ်းတပ်သားသစ်တစ်ဦးအပါအဝင်စစ်သုံ့ပန်းလေးဦးနှင့်အတူ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံများနှင့်တကွ ယနေ့ ဇူလိုင်တွင် မြင်းခြံခရိုင် တပ်ရင်း (၇) – Zero ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါစစ်သုံ့ပန်းလေးဦးအနက်မှ တစ်ဦးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင်လုယူမှု ဖြစ်ပေါ်သောကြောင့် နေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုလည်း တပ်ရင်းမှူးမှ ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း (၇) – Zero ပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၅ နှင့် ဒေသတွင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ကြိုတင်သတင်းရရှိထားသောကြောင့် ဇွန်လ ၃၀ ရက်မှစတင်ကာ ကင်းပုန်းဝပ်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
စိတ်မချမ်းမြေ့ဖွယ် ပုံများ ပါရှိပါသဖြင့် တယ်လီဂရမ်ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ပုံစာ- စစ်ကောင်စီ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး းနောက် မြင်ကွင်း (ဓာတ်ပုံ- မြင်းခြံခရိုင် တပ်ရင်း (၇) – Zero ပြောက်ကျားတပ်ဖွဲ့)






